
အင်ဒိုနီးရှားနိုင်ငံမှာ သစ်တောဆုံးရှုံးမှုဟာ ၂၀၂၅ ခုနှစ်မှာ ၆၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး အားနည်းတာ၊ အစားအစာနဲ့ စွမ်းအင် ကိုယ်ပိုင်ဖူလုံရေး ရည်မှန်းချက်ကြီးတာတို့ကြောင့် သစ်တောဆုံးရှုံးမှုက ၈ နှစ်အတွင်း အမြင့်ဆုံးနှုန်းဆီ ရောက်လာခဲ့တယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တခုက မတ် ၃၁ ရက်မှာ ပြောပါတယ်။
ကျွန်းပေါင်းထောင်ပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်းစုနိုင်ငံမှာ ကမ္ဘာ့အသိပ်သည်းဆုံး သစ်တောတချို့နဲ့ ဇီဝမျိုးကွဲ အများဆုံးဒေသတွေ ရှိနေတာပါ။
ဒါပေမဲ့ အရှေ့တောင်အာရှမှာ အကြီးဆုံးဖြစ်ပြီး ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံဖိုးရှိတဲ့ စီးပွားရေးကို ထောက်ပံ့ဖို့ သတ္တုတူးဖော်ရေးနဲ့ ဆီအုန်းစိုက်ခင်းတွေကို အားကိုးနေရပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ သစ်တောနဲ့ ဇီဝမျိုးကွဲတွေကို အဓိကထားတဲ့ တတ်သိပညာရှင်အဖွဲ့ အော်ရီဂါ နူဆန်တာရာက အရည်အသွေးမြင့် ဂြိုဟ်တုပုံရိပ်တွေနဲ့ ပြည်နယ် ၁၆ ခုက သစ်တော ၄၉,၀၀၀ ဟက်တာဆီ လက်တွေ့ကွင်းဆင်း လေ့လာရေးခရီးစဉ်တွေကို စီစဉ်ခဲ့ပါတယ်။
အော်ရီဂါဟာ သမ္မတ ပရာဘိုဝို စူဘီယံတိုရဲ့ အစားအစာဖူလုံရေး အစီအစဉ်ကို သစ်တောပြုန်းတီးဖို့ အဓိကပံ့ပိုးကူညီတဲ့ အချက်တွေထဲက တခုအဖြစ် ဖော်ထုတ်ခဲ့ပါတယ်။
ဒီအစီအစဉ်ဟာ ဆန်လို အဓိကစိုက်ပျိုးရေး ထွက်ကုန်တွေ ပြည်တွင်းမှာ ထုတ်လုပ်မှုကို မြှင့်တင်ဖို့နဲ့ အင်ဒိုနီးရှားရဲ့ သွင်းကုန်တွေအပေါ် မှီခိုမှုကို လျှော့ချဖို့ ရည်ရွယ်ထားပါတယ်။
အစိုးရက ၂၀၂၅ ခုနှစ်မှာ အစားအစာ၊ စွမ်းအင်နဲ့ ရေဆိုင်ရာ အစီအစဉ်တွေအတွက် သစ်တောဧရိယာ ဟက်တာ ၂၀ ဒသမ ၆ သန်းကို ခွဲဝေပေးခဲ့ပြီး ဧရိယာရဲ့ ၄၃ ရာခိုင်နှုန်းက သဘာဝသစ်တောတွေပါ။
အင်ဒိုနီးရှားကျွန်းတွေထဲမှာ ဘော်နီယိုကျွန်းက သစ်တောတွေဟာ ပြီးခဲ့တဲ့နှစ်က အမြန်ဆုံး ကျုံ့သွားခဲ့ပြီး ဆူမားတြားနဲ့ ပါပူအာတို့က ဒုတိယနဲ့ တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။
အင်ဒိုနီးရှားမှာ စီစဉ်ထားတဲ့ မြို့တော်သစ်တည်ရှိရာ အရှေ့ကာလီမန်တန်ကတော့ အဆိုးရွားဆုံး ထိခိုက်ခံရတဲ့ပြည်နယ် ဖြစ်လာပါတယ်။
၂၀၂၄ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ရေကြီး၊ မြေပြိုတာတွေကြောင့် ထိခိုက်ခဲ့ရတဲ့ ဆူမားတြားပြည်နယ် ၃ ခုမှာ ပြီးခဲ့တဲ့နှစ်က သစ်တောပြုန်းတီးမှု သိသိသာသာ မြင့်တက်လာခဲ့ပြီး အာချေးမှာ ၄၂၆ ရာခိုင်နှုန်း၊ မြောက်ဆူမားတြားမှာ ၂၈၁ ရာခိုင်နှုန်းနဲ့ အနောက်ဆူမားတြားမှာ ၁,၀၃၄ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။
Source: Reuters










