DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းပြီးသူများအတွက် အလုပ်ရှာဖွေပေးမည့်အစီအစဉ် လက်တွေ့ဖြစ်နိုင်မလား
ဝေဝေ
·
May 11, 2026
Photo: MOI
Photo: MOI
Donate to DVB

ပြည်သူ့စစ်မှုထမ်းဥပဒေအရ ၂ နှစ် တာဝန်ထမ်းဆောင်ပြီးလို့ ပြန်လည်ရောက်ရှိလာသူတွေကို ပြည်တွင်း ပြည်ပနဲ့ အစိုးရအလုပ်တွေမှာ အလုပ်အကိုင် ရှာဖွေပေးမဲ့ အစီအစဉ်က နောက်ထပ် စစ်မှုထမ်းအပတ်စဉ်အသစ်က သင်တန်းသားတွေကို ဆွဲဆောင်ဖို့နဲ့ ဝါဒဖြန့်ဖို့သာ ဖြစ်ကြောင်း စောင့်ကြည့်လေ့လာနေသူတွေက ပြောပါတယ်။

လက်ရှိ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေတွေနဲ့ ရုန်းကန်နေရတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြောင့် အလုပ်အကိုင်ရှာဖွေပေးနိုင်ဖို့က ဟန်ပြသာဖြစ်နိုင်ကြောင်း မြန်မာစစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) မှ စစ်ဘက်သုတေသန တာဝန်ခံ ကိုနောင်ရိုးက မှတ်ချက်ပြုပါတယ်။

“လုပ်သားစွမ်းအားအရင်းအမြစ်နဲ့ ဒီစစ်မှုထမ်းပြန်တွေ ကြားထဲမှာ ဘယ်လောက်အထိ ဟန်ချက်ညီ ချိတ်ဆက်ပေးဖို့ အဆင်ပြေနိုင်မလဲ ဆိုတဲ့ဟာလည်း စိန်ခေါ်မှုတွေ အများကြီးရှိတယ်။ စစ်မှုထမ်းပြန်တွေ များလာတဲ့အခါမှာ ဒီအင်အားအလုံးအရင်းတွေကို အလုပ်အကိုင် ဖန်တီးပေးဖို့ဆိုတာ ပြည်တွင်းမှာက စီးပွားရေးတွေကလည်း အင်မတန်မှကို ကျဆင်းနေတဲ့အချိန်၊ လုပ်ပေးနိုင်တဲ့အင်အားက သူတို့မှာ ရည်ရွယ်ချက်ရော၊ လုပ်နိုင်စွမ်းရော မရှိဘူး။ ရည်ရွယ်ချက်ကိုက ဒါဟာ လူထုကြားမှာ ဝါဒဖြန့်ဖို့ ရည်ရွယ်ဦးတည်တာက တကယ့်ဦးစားပေး ဖြစ်ပြီးတော့ ဒါတွေကို အနှစ်သာရရှိရှိ အောင်မြင်ဖော်ဆောင်ဖို့က အဲ့လောက်ကြီး မဟုတ်ဘူး။ ရှေ့မှာလည်း စစ်အာဏာရှင် ခေတ်အဆက်ဆက် ဒီလိုမျိုး ကော်မတီတွေဖွဲ့ပြီးတော့ ဟန်ပြကော်မတီတွေနဲ့ အလုပ်တွေပြ၊ ပြီးရင် နှစ်လ၊ သုံးလ၊ လေးငါးလ ဖြစ်သွားတဲ့အခါမှာ ဒီကော်မတီတွေရဲ့ အခန်းကဏ္ဍကလည်း တဖြည်းဖြည်းနဲ့ ပျောက်သွားတာမျိုးပေါ့နော်။ အခုလည်း ဒါမျိုးပဲ ဆက်ဖြစ်မဲ့ အနေအထားမျိုးပါပဲ၊ ဒီရည်ရွယ်ချက်ပါပဲလို့ ပြောလို့ရနိုင်ပါတယ်။”

တဖက်မှာတော့ စီးပွားရေးလုပ်ငန်းရှင်တွေကို စစ်မှုထမ်းပြီးဆုံးကြောင်း သင်တန်းဆင်းလက်မှတ် ပြရင် အလုပ်ခန့်အပ်ဖို့ ဖိအားပေးတာမျိုးတွေကြောင့် မဖြစ်မနေ အလုပ်ခန့်ရတာမျိုးတွေလည်း ဖြစ်လာနိုင်ကြောင်း သုံးသပ်ပြောဆိုနေကြတာလည်း ရှိပါတယ်။

ဒါ့အပြင် အစိုးရအလုပ်တွေမှာလည်း လုပ်ပိုင်ခွင့်အာဏာကိုသုံးပြီး အလုပ်ခန့်အပ်တာတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

အစိုးရဝန်ထမ်းတယောက်က “လုပ်ငန်းအတွေ့အကြုံမရှိတဲ့အတွက်ကို ခက်တယ်ပေါ့။ ဒီ ပထမဦးဆုံးအနေနဲ့ စစ်မှုထမ်းက ပြန်လာတဲ့သူတွေကို တခြားလူတွေက အာရုံစိုက်လာအောင်၊ တခြားလူတွေက ဒီစစ်မှုထမ်းအပေါ်မှာ စိတ်ပါဝင်စားမှု ရှိလာအောင် ဆိုပြီးတော့ ဘာမှမတတ်တဲ့ကောင်၊ ဘာမှမသိတဲ့ကောင်ကိုလည်း ခန့်ချင်လည်း ခန့်မှာပဲလေ။ ဒါ အစိုးရက လုပ်ထားတာ ဖြစ်တဲ့အတွက်ကို ဝန်ထမ်းတွေအတွင်းထဲမှာလည်း သူ့ရာထူး ကိုယ့်ရာထူးဆိုတဲ့ ပုံစံမျိုးတွေနဲ့ တယောက်နဲ့တယောက် မကျေနပ်မှုတွေလည်း ရှိကောင်းရှိလာနိုင်သလို သူတို့ကိုယ် သူတို့ စစ်မှုထမ်းက ပြန်လာတဲ့ ကောင်တွေပါ ဆိုပြီးတော့ မာန်တက်နေတဲ့ကောင်တွေ ဖြစ်နေတယ် ဆိုရင်တော့ ဒါ ဝန်ထမ်းတွေထဲမှာ အချင်းချင်း တွန်းတိုက်မှုတွေကတော့ ဖြစ်လာမှာ အသေအချာပဲ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင် ၈ ရက်မှာ “စစ်မှုထမ်းတာဝန် ကျေပွန်ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင် ရရှိရေး စီမံခန့်ခွဲမှုကော်မတီ” ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်အသစ် ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကတော့ ပြည်သူ့စစ်မှုထမ်းတွေရဲ့ အလုပ်အကိုင်ရရှိရေးအတွက် စစ်တပ်အနေနဲ့ စီမံ ဆောင်ရွက်ပေးနေကြောင်းနဲ့ အလုပ်မရလို့ စစ်တပ်မှာ ပြန်လည်တာဝန်ထမ်းဆောင်လိုရင်လည်း ကြိုဆိုကြောင်း မေ ၈ ရက်က အရာရှိ စစ်သည်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့ပါသေးတယ်။

Trading Economics ရဲ့ ဒေတာတွေအရ မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့နှုန်းက အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ်က ၀ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိခဲ့ရာကနေ ၂၀၂၂ မှာတော့ ၃ ရာခိုင်နှုန်းကျော်နဲ့ အမြင့်ဆုံး ရောက်ရှိခဲ့ပါတယ်။

၂၀၂၄ ခုနှစ်မှာ ၂ ဒသမ ၉၀ ရာခိုင်နှုန်းကို ပြန်လည်ရောက်ရှိခဲ့ပြီး ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ ၃ ရာခိုင်နှုန်းကို မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။

အလုပ်အကိုင်ရှာဖွေရ ခက်ခဲပြီး ဝင်ငွေနည်းပါးတာတွေကြောင့် လူငယ်တွေကို အလုပ်အကိုင် ရှာဖွေပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်မှုထမ်းဖို့ ဆွဲဆောင်ကြေညာနေတာလည်း ဖြစ်ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013