
အတုအယောင်ရွေးကောက်ပွဲအပြီး စစ်ကောင်စီက ခေါ်ယူကျင်းပနေတဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့မှာ လွှတ်တော် အမြဲတမ်းကော်မတီ ၂ ရပ်ကို ဖွဲ့စည်းပြီး ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ရာထူးတွေ ခန့်အပ်လိုက်ပါတယ်။
တတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး၊ ဒုတိယနေ့ကို မတ် ၂၃ ရက်မှာ ပြုလုပ်ခဲ့ပြီး လွှတ်တော်အတွင်းအမြဲတမ်းကော်မတီ ၂ ရပ်ဖြစ်တဲ့ ပြည်သူ့လွှတ်တာ် ဥပဒေကြမ်းကော်မတီနဲ့ ပြည်သူ့ငွေစာရင်း ကော်မတီ ၂ ရပ်ကို ဖွဲ့စည်းလိုက်တာပါ။
ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီရဲ့ ဥက္ကဋ္ဌ အဖြစ် ယခင် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဦးနန္ဒကျော်စွာကို ရွေးချယ်လိုက်ပြီး အတွင်းရေးမှူးကိုတော့ ဦးသိန်းထွန်းဦးကို ရွေးချယ်လိုက်ပါတယ်။
ပြည်သူ့ငွေစာရင်းကော်မတီရဲ့ ဥက္ကဋ္ဌကိုတော့ ဦးတေဇကျော်ကို ခန့်အပ်လိုက်ပြီး အတွင်းရေးမှူးကိုတော့ ဦးတင်အောင်ချစ်ကို ရွေးချယ်လိုက်ပါတယ်။
တတိယအကြိမ် ပြည်သူ့လွှတ်တော်ရဲ့ ဥက္ကဋ္ဌအဖြစ် ဦးခင်ရီနဲ့ ဒုဥက္ကဋ္ဌအဖြစ် ဦးမောင်မောင်အုန်းတို့က ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
အာဆီယံ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။










