
မတ် ၁၀ ရက်မှာ ကျရောက်တဲ့ ၂၅ နှစ်မြောက် ကယန်းလူငယ်များနေ့ အခမ်းအနားကို ကယန်းမျိုးဆက်သစ်လူငယ် (KNGY) က လူငယ်ခေါင်းဆောင်တွေ ဦးဆောင်ပြီး ကယန်းဒေသ တွင်း ၄ နေရာမှာ ကျင်းပခဲ့တယ်လို့ မတ် ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
အခမ်းအနားမှာ ကယန်းအမျိုးသားအလံနဲ့ ကယန်းလူငယ်အလံကို အလေးပြုတာ၊ အဖွင့်အမှာ စကားနဲ့ အားပေးစကားပြောတာ၊ ကယန်းလူငယ်များနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း ဖတ်ကြားတာ၊ အဖွဲ့အစည်းအသီးသီးက ပေးပို့လာတဲ့ သဝဏ်လွှာ ဖတ်ကြားတာ၊ ကယန်းဘုံအက ကတာ၊ ဆုချီးမြှင့်တာ၊ ဇုန်အလိုက် ကယန်းရိုးရာအက ကတာ၊ အားကစားပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။
ကယန်းမျိုးဆက်သစ်လူငယ် (KNGY) ဒု-ဥက္ကဋ္ဌ Mu Maria က “ကျမတို့ ကယန်းလူငယ်များက နှစ် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း စစုစည်းလာတာ ဖြစ်ပြီးတော့ အမျိုးသားရေး စသော စာပေ/ယဥ်ကျေးမှု ထွန်းကားရေးနဲ့ နိုင်ငံရေးစသော လှုပ်ရှားမှုတွေလည်း လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ လူငယ်များ နိုင်ငံရေး အသိပညာတွေ တိုးတက်လာအောင် လှုပ်ရှားခဲ့မှုတွေ၊ ၂၀၀၈ တုန်းက ၂၀၀၈ ဖွဲ့စည်းပုံကန့်ကွက်မှုတွေ၊ အစိုးရလက်လှမ်းမမီသော ကျေးရွာတွေမှာ ကလေးတွေကို ပညာရေး ဝန်ဆောင်မှုပေးတာတွေ ဒေသစည်းရုံးရေးလုပ်ငန်းတွေ၊ ကယန်း နေ့ထူးနေ့မြတ်ဖြစ်သော ကယန်းအမျိုးသားနေ့နဲ့ ကယန်းနှစ်သစ်ကူးနေ့ စတာတွေလည်း နေရာဒေသအလိုက် ဖော်ဆောင် ပေးတာတွေက စတင်ဖွဲ့စည်းချိန်မှ ဒီနေ့အထိ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒီအခမ်းအနားကို KNGY ရဲ့ ဇုန်အမှတ် ၂၊ ၁၁၊ ၁၈ နဲ့ ၂၇ တို့မှာ ကျင်းပခဲ့ပြီး KNGY ဇုန်အသီးသီးက ဇုန်လူငယ်တွေ၊ သက်ဆိုင်ရာအစုအဖွဲ့၊ အဖွဲ့အစည်းတွေ အသီးသီးက ကိုယ်စားလှယ်တွေ၊ ရပ်ဖိရပ်ဖ တွေ ပါဝင်တက်ရောက်ခဲ့ ပါတယ်။
ခုလက်ရှိ တော်လှန်ရေးကာလမှာလည်း နိုင်ငံရေးနဲ့ လူ့အခွင့်အရေးလုပ်ငန်း၊ ဒေသစည်းရုံးရေး လုပ်ငန်း၊ ပညာရေးလုပ်ငန်း၊ စစ်ဘေးရှောင်ကူညီရေး၊ လူငယ်စွမ်းဆောင်ရည် မြှင့်တင်ရေးစတာ တွေအပြင် စစ်အာဏာရှင်တော်လှန်ရေးအတွက် လက်နက်ကိုင်လမ်းစဉ်နဲ့လည်း ကယန်းလူငယ်တွေ က ပါဝင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။











