DVB Logo
Home
မြန်မာသတင်း
သီလဝါဆိပ်ကမ်း၌ အသစ်ဝင်ရောက်သည့် စက်သုံးဆီများကို စစ်ကောင်စီက ထုတ်မပေး 
DVB
·
March 11, 2026
သီလဝါဆိပ်ကမ်း၌ အသစ်ဝင်ရောက်သည့် စက်သုံးဆီများကို စစ်ကောင်စီက ထုတ်မပေး 
Donate to DVB

ရန်ကုန်၊ သီလဝါဆိပ်ကမ်းမှာ အသစ်ဝင်ရောက်လာတဲ့ စက်သုံးဆီတွေကို စစ်ကောင်စီက ထုတ်မပေးတော့ဘဲ ဒီဇယ်ထုတ်ယူခွင့်လည်း ရပ်ဆိုင်းထားပြီး ဆီဈေးတက်ဖို့ ပြင်ဆင်လာနေကြတယ်လို့ ဆီလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။ 

အခုရက်ပိုင်း သီလဝါဆိပ်ကမ်းမှာ ဆီလာရောက်တန်းစီနေတဲ့ ဘောက်ဆာကားတွေ များပြားနေပြီး လက်ကျန်ဆီတွေကိုသာ ထုတ်ပေးနေတာဖြစ်လို့ ဆီမပြည့်လို့ စောင့်ဆိုင်းနေရတဲ့ ကားတွေလည်း အများကြီးရှိနေပါတယ်။

ပုသိမ်မြို့ကနေ ဆီလာရောက်သယ်ယူတဲ့ ယာဉ်မောင်းတယောက်က “အခုက ခွဲတမ်းနဲ့ပေါ့။ သူတို့ အသစ်ချရင် ဟိုအရင်အဟောင်းတွေပဲ၊ နောက်ဆုံးကျန်တဲ့ဆီကိုပဲ ပေးတာ၊ အသစ်တွေကို မပေးဘူး။ အလှည့်တို့။ မြို့တွင်းတို့၊ ဟိုင်းဝေးတို့၊ ရန်ကုန်ဦးစားပေးပဲ။ နယ်တွေကျတော့ စောင့်နေရတယ်။ ရန်ကုန်ပဲ ဦးစားပေးပေးတာ။ ဆီကတော့ ရောက်နေပြီ။ ကျနော်တို့ဆိုရင် သုံး လေးရက် ရှိနေပြီ။ အခုလည်း ဒီနေ့လည်းမသေချာပါဘူး”လို့ ပြောပါတယ်။

မတ် ၃ ရက်က အရန်ဆီ ရက် ၄၀ စာကျန်ရှိနေတဲ့အပြင် သီလဝါဆိပ်ကမ်းမှာ ဆီမချရသေးတဲ့ သင်္ဘော ၂ စင်း ရှိနေပြီး မြန်မာနိုင်ငံက ဝယ်ယူထားတဲ့ သင်္ဘော ၁၄ စင်းလည်း ရက်ပိုင်းအတွင်း ဆိုက်ကပ်လာဖို့ရှိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဆီပြတ်လပ်သွားဖို့ မရှိဘူးလို့ စစ်ကောင်စီက ထုတ်ပြန်ထားပြီးတဲ့နောက် ဆီဈေးတော့ မြင့်တက်လာခြေရှိတယ်လို့ အရိပ်အမြွက်ပြောဆိုခဲ့ပြီး ၆ ရက်အကြာမှာ စက်သုံးဆီထုတ်ပေးရာ သီလဝါဆိပ်ကမ်းမှာ ဒီဇယ်ဆီထုတ်ပေးမှု ရပ်ဆိုင်းထားပါတယ်။

ဒါ့အပြင် လက်ကျန်ခွဲတမ်းဆီတွေကိုသာ ထုတ်ပေးနေပြီး ဆီအပြည့်မရသေးတဲ့အတွက် ဆီသယ် ယာဉ်တွေဟာ နေ့ချင်းပြီး ဆီမထုတ်နိုင်ပဲ ၄ ၊ ၅ ရက်အထိ စောင့်ဆိုင်းလာကြရပါတယ်။

ဆီထုတ်ယူခွင့်အခက်အခဲကြောင့် ဆီကိုယ်စားလှယ်တွေလည်း ခက်ခဲနေကြပြီး လုပ်ငန်းသုံးဆီအဖြစ် အဓိကအားထားရတဲ့ ဒီဇယ်ဆီတွေကိုလည်း ထုတ်မပေးတဲ့အပြင် စစ်ကိုင်းတိုင်းလို ဒေသကြီးအတွက် ဒီဇယ်ဆီထုတ်ယူခွင့်မရှိဘဲ ကြန့်ကြာနေကြရတယ်လို့ ဒေသခံက ပြောပါတယ်။

“ဆီက ဒီဇယ်တွေက မရတာ။ ၉၂ တွေကတော့ ရပါတယ်။ ဒီဇယ်နဲ့ ပရီမီယံနဲ့က ကြာနေတာ။ ဆီတွေက ခွဲတမ်းနဲ့ပေးနေတာဆိုတော့ ခွဲတမ်းတွေက မပေးတော့ စောင့်နေရတာ။”

စစ်ကောင်စီက စက်သုံးဆီချွေတာဖို့ မတ် ၇ ရက်ကစပြီး ပုဂ္ဂလိကပိုင် ယာဉ်ငယ်တွေကို ပြက္ခဒိန်ရက်စွဲ စုံရက်နဲ့ မရက် ခွဲပြီးသာ အသုံးပြုကြဖို့ သတ်မှတ်ထားသလို မလိုက်နာရင် ထောင်ဒဏ်ချမှတ်ဖို့ သတိပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စက်သုံးဆီသုံးစွဲမှုက တရက်ကို ဓာတ်ဆီ ဂါလန် ၁ သန်းခွဲ၊ ဒီဇယ်ဆီ ဂါလန် ၁ ဒသမ ၇ သန်း ရှိပြီး တရက်ကို လောင်စာဆီ ၃ ဒသမ ၂  သန်းကို သုံးစွဲနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013