DVB Logo
Home
မြန်မာသတင်း
သီပေါတံတား ၄ လနီးပါး ပိတ်ထားသဖြင့် ခရီးသွားပြည်သူများ အခက်တွေ့ 
DVB
·
March 9, 2026
သီပေါတံတား ၄ လနီးပါး ပိတ်ထားသဖြင့် ခရီးသွားပြည်သူများ အခက်တွေ့ 
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့အဝင် သံတံတားကြီးကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတာမှာ ၃ လကျော် ၄ လနီးပါး ရှိလာပြီဖြစ်တာကြောင့် ခရီးသွားပြည်သူတွေနဲ့  သီပေါဒေသခံတွေ  ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့အခက်အခဲတွေ ကြုံနေရပါတယ်။

အဆိုပါတံတားဟာ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်ကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တည်ရှိပြီး မနှစ်က စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်တာကြောင့် ၂၀၂၅ နိုဝင်ဘာ ၁၄ ရက်ကစလို့ ဖြတ်သန်းသွားလာခွင့် ပိတ်ထားတာလို့ သီပေါဒေသခံက ပြောပါတယ်။

၂၀၂၅ ဒီဇင်ဘာနှစ်ကုန်ပိုင်းမှာတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက သီပေါမြို့နယ်ကနေ ပြန်လည် ဆုတ်ခွာသွားကြပါတယ်။

အဲဒီနောက် ၂၀၂၆ ဇန်နဝါရီ ၁ ရက်ကစပြီး လူတွေကို ခြေကျင်ဖြတ်သန်းသွားလာခွင့်ပြုတယ်၊  ဒါပေမဲ့ မော်တော်ယာဉ်နဲ့ ဆိုင်ကယ်တွေ ဖြတ်ခွင့်မပြုသေးတာကြောင့် အခက်အခဲတွေ ရှိနေတာလို့ ဆိုပါတယ်။

“လူချည်းပဲဆိုရင်တော့ လမ်းလျှောက်သွားလာခွင့်ပြုတယ်။ ဒါပေမဲ့ ကားသွားလို့မရတော့ မန္တလေးကို ဆေးသွားကုမဲ့ လူနာတွေအတွက် လုံးဝအဆင်မပြေဘူးခင်ဗျ။ တံတားဖြတ်မရတော့ ကားတွေက တခြားမြို့ရွာကနေ အဝေးကြီး ပတ်ပြီးသွားရတယ်။ ခါတိုင်း နေ့ချင်းရောက်တဲ့ခရီးကို လမ်းမှာ ညအိပ်ရတယ်။ လူနာကလည်း ဝေဒနာကို ပိုခံရတယ်၊ ဆေးရုံအလျင်မမီရင် အသက်ဆုံးရှုံးနိုင်တယ်။ ကားခကလည်း ၂ ဆလောက် ပိုပေးရတယ်။ ခါတိုင်း သီပေါ-မန္တလေး သွားရင် ကျပ် ၁၀၀,၀၀၀ ထက် ပိုမကုန်ဘူး၊ အခုက ၁၅၀,၀၀၀ လောက် ကုန်တယ်။”

ကုန်တင်ကားတွေလည်း ခရီးဝေးက ပတ်မောင်းရတာကြောင့် ကုန်ဈေးနှုန်းပါ မြင့်တက်လာတယ်၊ ခုတလောမှာ ဓာတ်ဆီရှားပါးတဲ့ ပြဿနာပါ ထပ်ကြုံနေရတယ်၊ လျှပ်စစ်မီးလည်း မရသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်က သီပေါမြို့ နောင်အင်ရွာမှာ မီးလောင်မှုဖြစ်ခဲ့တယ်၊ သီပေါမြို့ထဲက မီးသတ်ကားတွေ တံတားနားဖြတ်သွားလို့မရတော့ သွားကူလို့မရလို့ နေအိမ်တလုံး လုံးဝ မီးလောင်ပြာကျသွားခဲ့ရတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက လုံခြုံရေးကြောင့် တံတားပိတ်ထားရတယ် ဆိုပေမဲ့ တိုက်ပွဲတွေလည်း မရှိဘူး၊ အဲဒီနေရာနဲ့ သိပ်မဝေးတဲ့ နမ္မတူမြစ်ကူးတို့ဆိပ်ကိုတော့ ငွေကောက်ပြီး ဖြတ်ကူးခွင့်ပြုတယ်၊ ဘာကြောင့် သီပေါတံတား မဖွင့်ပေးလဲလို့ စစ်သားတွေကို သွားမေးတာ သူတို့က သူတို့ပိတ်ချင်လို့ ပိတ်တာမဟုတ်ဘူး၊ နေပြည်တော်က ညွှန်ကြားချက်အရ လုပ်နေတာလို့ ပြောတယ်လို့ ဆိုပါတယ်။

သီပေါမြို့နယ်က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ လွှတ်တော်အမတ်တွေကို မေးရာမှာလည်း သူတို့ဟာ ကိုယ်စားလှယ်ကျမ်းကျိန်တာ မလုပ်ရသေး၊ လွှတ်တော်ထဲလည်း မဝင်ရသေးတာမို့ ဘာမှ မကူညီနိုင်သေးဘူးလို့ ပြောတယ်လို့ ဆိုပါတယ်။

သီပေါမြို့ခံတွေ လျှပ်စစ်မီးနဲ့ စက်သုံးဆီ အခက်အခဲကြုံနေရချိန်မှာ KTV ဆိုင်တွေမှာတော့ ညလုံးပေါက် မီးလင်း ပျော်ပါးနေကြတယ်လို့ သီပေါဒေသခံက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013