DVB Logo
Home
မြန်မာသတင်း
ဗန်းမော်မြို့တိုက်ပွဲ၌ ဒဏ်ရာရသည့် တပ်ရင်းမှူးကိုလာကယ်သည့် စစ်ရဟတ်ယာဉ် ပစ်ခတ်ခံရ
DVB
·
March 7, 2026
ဗန်းမော်မြို့တိုက်ပွဲ၌ ဒဏ်ရာရသည့် တပ်ရင်းမှူးကိုလာကယ်သည့် စစ်ရဟတ်ယာဉ် ပစ်ခတ်ခံရ
Donate to DVB

 ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲမှာ မတ် ၆ ရက် နေ့လယ်ပိုင်းက  စစ်ကောင်စီတပ်က ဒဏ်ရာရတဲ့ တပ်ရင်းမှူးတယောက်ကိုလာကယ်တဲ့ စစ်ရဟတ်ယာဉ်တစင်းဟာ  ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေရဲ့ ပစ်ခတ်ခံရပြီး ရွှေကူမြို့မှာ အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

“အဲဒီရဟတ်ယာဉ်က ၁၂ နာရီလောက်က ရောက်လာတာ။ ၁၂ နာရီနဲ့ ၁ နာရီကြားမှာ ထိတာပေါ့။ ပြန်တက်တဲ့အချိန်မှာ ထိတာ။ ဆင်းတာက ၂၁ မှာ ဆင်းတာ။ ပစ်ခံရတာထိပြီး မီးခိုးတန်းလန်းနဲ့ တက်သွားတာ။ ရွှေကူမှာဆင်းတယ်လို့တော့ ကြားရတာပဲ”လို့ ပြောပါတယ်။

အဲဒီစစ်ရဟတ်ယာဉ်ဟာ စကခ ၂၁ မှာ ဆင်းသက်ခဲ့ပြီး ဒဏ်ရာရ စစ်ကောင်စီ တပ်ရင်းမှူးကို လာရောက်ကယ်ထုတ်တာလို့ သိရပါတယ်။ 

ထိမှန်သွားတဲ့ စစ်ရဟတ်ယာဉ်ဟာ ရွှေကူမြို့မှာ အရေးပေါ်ဆင်းသက်ခဲ့တယ်လို့ ရွှေကူဒေသခံတယောက်က ပြောပါတယ်။

“ရွှေကူဘက်မှာကတော့ လွန်ခဲ့တဲ့ ၂ရက်တုန်းကလည်း ရဟတ်ယာဉ်ဆင်းတယ်။ အဲ့တုန်းကတော့ လစာကိစ္စတွေဘာတွေ ဖြစ်မယ်ထင်တယ်။ ဒီနေ့ဆိုရင်လည်း နေ့လယ် ၁ နာရီကျော်ကျော်လောက်မှာ ရဟတ်ယာဉ်တစင်း ပြန်လာဆင်းတယ်။ မီးခိုးတန်းလန်းနဲ့ ရွှေကူမြို့ဘက်မှာ လာပြီးဆင်းတာ ရှိတယ်။ မြို့ထဲမှာလည်း ပြောနေကြတယ်။”

KIA ပူးပေါင်းတပ်ဟာ ၂၀၂၅ မေလ ဗန်းမော်တိုက်ပွဲမှာလည်း စစ်ကူလာပို့တဲ့  စစ်ရဟတ်ယာဉ် ၃ စင်းကို တိုက်ခိုက်ခဲ့ချိန် ၂ စင်းထိမှန်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၅ ဒီဇင်ဘာ ၂၅ ရက်ကစတင်ပြီး KIA က တကျော့ပြန်ဖော်ဆောင်လိုက်တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲက ဗန်းမော်မြိုသိမ်းတိုက်ပွဲအတွင်း ကျန်ရှိနေတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက တဖန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

KIA ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်တွေ အခိုင်အမာတပ်စွဲထားတဲ့ စကခ ၂၁ ၊ ခလရ ၄၇ တပ်ရင်း၊ ထောက်ပို့တပ် ၉၃၃ စတဲ့အရေးပါတဲ့ တပ်ရင်းနေရာတွေမှာ စစ်ရှိန်မြင့်တင်ပြီး တပြိုင်နက်တိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပြီး တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

KIA ရဲ့ ထိုးစစ်အတွင်း‎  စစ်ကောင်စီတပ်ရဲ့ သံချပ်ကာကား ၇ စီး အထိ ဖျက်ဆီးနိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက်က ဖြစ်ပွားတဲ့ ဗန်းမော်တိုက်ပွဲမှာ  ခမရ ၆၀၁ က မံစီမြို့သိမ်းတိုက်ပွဲက ထွက်ပြေးလာတဲ့ ဒုတပ်ရင်းမှူးသေဆုံးခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က သိရပါတယ်။

တိုက်ပွဲကာလ တနှစ်ကျော်ကြာမြင့်လာတဲ့ဗန်းမော်မှာလည်း နေ့တိုင်းလိုလို နှစ်ဖက်တပ်တွေ အပြန်အလှန် သိမ်းလိုက်၊ ပြန်လက်လွှတ်လိုက်နဲ့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို KIA ရှေ့တန်းသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“ရဟတ်ယာဉ်ထိမှန်တဲ့ဟာကတော့ ဟုတ်တယ်။ စကစ ၂၁ ဘက်ကို ဆင်းတဲ့ လေယာဉ်ကို ထိမှန်တာ။ တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတယ်။ ဟိုနားဖြစ်လိုက် ဒီနားဖြစ်လိုက်နဲ့။ သူတို့ဘက်က ထိုးလာတာတွေလည်း ရှိတယ်။ ဟိုလို ပေါ်လစီအကြီးကြီးနဲ့ အင်အားအများအပြားနဲ့ မရမကထိုးတဲ့ ပုံစံတော့ မဟုတ်ဘူး။ ပျော့မယ်ထင်တဲ့နေရာတွေကို စစ်ကြောင်းထိုး လာပြီး တိုက်ခိုက်တာ စကစတွေဘက်က။ တိုက်ပွဲကတော့ နေ့တိုင်းလိုလို ကြိုကြားကြိုကြား ပုံမှန်ဖြစ်နေတယ်။ နေရာစုံပေါ့။ ဟိုမှာဖြစ်လိုက် ဒီမှာဖြစ်လိုက်နဲ့၊ ကျနော်တို့ဘက်ကလည်း ခံစစ်အနေနဲ့ လုပ်လိုက်၊ သူတို့ဘက်ကလည်း ခံစစ်အနေနဲ့လုပ်လိုက်နဲ့ ရှေ့တိုးလိုက် နောက်ဆုတ်လိုက် အဲ့လိုအခြေအနေနဲ့ တိုက်ပွဲ ဖြစ်နေတာ။”

၂၀၂၄ ခုနှစ် ဒီဇင်ဘာလထဲမှာ စတင်ဖြစ်ပွားလာတဲ့ ဗန်းမော်တိုက်ပွဲဟာ အခု ၂၀၂၆ နှစ်ခုဝင်လာတဲ့အထိ KIA ဘက်က လက်မလျှော့ဘဲ ဆက်လက်တိုက်ခိုက်နေတာဖြစ်ပါတယ်။

၂၀၂၅ နှစ်ဝက်ပိုင်းအထိ စစ်ရေးအရ စစ်တပ်ရဲ့ အရေးပါတဲ့ စစ်တပ်နေရာတချို့ကို သိမ်းပိုက်ထားနိုင်ခဲ့သလို မြို့တွင်းနေရာအများအပြားကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဗန်းမော်လက်မလွှတ်ရေးအတွက် ၂၀၂၅ ခုနှစ် ဇူလိုင်လနောက်ပိုင်း စစ်တပ်က လေကြောင်း၊ ကုန်းကြောင်း၊‌ ရေကြောင်းကပါ စစ်အင်အားဖြည့်တင်းကာ ထိုးစစ်ပြန်လုပ်နေလို့ ထိန်းချုပ်နေရာတချို့ကို ပြန်လက်လွှတ်လိုက်ရတာလည်း ရှိပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ကချင်ပြည်နယ်ထဲမှာ KIA က ဖော်ဆောင် တိုက်ပွဲတွေထဲမှာ ဗန်းမော်မြို့သိမ်းတိုက်ပွဲက စစ်ရေးကာလအကြာဆုံးလည်း ဖြစ်ပါတယ်။

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013