
AI နည်းပညာအတွက် အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေကြတာကြောင့် စိုးရိမ်မှုတွေ ရှိနေပေမဲ့လည်း Nvidia ကုမ္ပဏီဟာ တနှစ်တာဝင်ငွေအဖြစ် ဒေါ်လာ ၂၁၅ ဒသမ ၉ ဘီလီယံအထိ စံချိန်တင် ရရှိခဲ့ပါတယ်။
Nvidia ကိုယ်ပိုင်ဘဏ္ဍာရေးနှစ်ရဲ့ နောက်ဆုံး ၃လစာရောင်းအားက ပြီးခဲ့တဲ့နှစ် ကာလတူထက် ၇၃ ရာခိုင်နှုန်းအထိ မြင့်မားခဲ့တာကြောင့် လေ့လာသုံးသပ်သူတွေ ခန့်မှန်းထားတာထက်ကို ကျော်လွန်ခဲ့ ပါတယ်။
ဒါ့အပြင် Nvidia ဟာ AI ချစ်ပ်တွေ ထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်တဲ့အလျောက် အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံကြား ပထဝီနိုင်ငံရေးအရ အားပြိုင်မှုတွေမှာ ကြားညပ်လေ့ရှိပါတယ်။
ဒါကြောင့် ဖေဖော်ဝါရီ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ Nvidia ရဲ့ အလားအလာ သုံးသပ်ချက်အရ တရုတ်ပြည်ကနေ ရလာမဲ့ ချစ်ပ်ပြားရောင်းရငွေ ခန့်မှန်းချက်တွေကို ထည့်သွင်း တွက်ချက်ထား တာမျိုး မရှိပါဘူး။
အဲဒီနောက် Nvidia ကုမ္ပဏီအကြီးအကဲ ဂျန်ဆင်ဟွမ်က “ကွန်ပျူတာ တွက်ချက်မှုဆိုင်ရာ လိုအပ်ချက်ကို အဆမတန် မြင့်မားလာတယ်” ဆိုပြီး မှတ်ချက်ပေးပါတယ်။
Nvidia ဟာ AI ကဏ္ဍထဲက ကုမ္ပဏီတွေကို လိုအပ်တဲ့ ချစ်ပ်ပြားတွေ ထောက်ပံ့ပေးနေတဲ့အပြင် မကြာသေးတဲ့ သီတင်းပတ်အတွင်း ကိုယ်ပိုင်နည်းပညာအသစ်တွေနဲ့ ဈေးကွက်ဝယ်လိုအား ထပ်ပြီး ဖန်တီးနိုင်ဖို့ပါ အစီအစဉ်တွေ ချမှတ်ခဲ့ပါတယ်။
ဥပမာအားဖြင့် ဟွမ်က “Alpamayo” ဆိုတဲ့ AI မော်ဒယ်အသစ်တခုကို CES နည်းပညာပြပွဲမှာ မိတ်ဆက်ပေးခဲ့တာမျိုးပါ။
အဲဒီနည်းပညာပလက်ဖောင်းကနေ အလိုအလျောက် မောင်းနှင်နိုင်တဲ့ ကားတွေအတွက် ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်းကို ထောက်ပံ့ပေးနိုင်တယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။
တချိန်တည်းမှာ Nvidia ဟာ အမည်မဖော်ပြထားတဲ့ မိတ်ဖက်ကုမ္ပဏီတခုနဲ့ ပူးပေါင်းပြီး လာမဲ့နှစ် အတွင်း စက်ရုပ်တက္ကစီ ဝန်ဆောင်မှု ပေးအပ်နိုင်ဖို့ ပြင်ဆင်လျက်ရှိပါတယ်။
ဒါ့အပြင် Nvidia က ပြိုင်ဘက်ကုမ္ပဏီဖြစ်တဲ့ Groq ကိုပါ ဒေါ်လာဘီလီယံ ၂၀ သဘောတူညီချက်နဲ့ ဝယ်ယူခဲ့တဲ့အလျောက် “AI Inference” နယ်ပယ်မှာ ပိုပြီးချဲ့ထွင်လာနိုင်ခဲ့ပါတယ်။
“Inference” ဆိုတာကတော့ မသိမမြင်ဘူးသေးတဲ့ ဒေတာအသစ်တွေကို ခွဲခြမ်းစိတ်ဖြာပြီး အချိန်နဲ့ တပြေးညီ ခန့်မှန်းချက်တွေ၊ ဆုံးဖြတ်ချက်တွေ ထုတ်ပေးနိုင်တဲ့ နည်းပညာပဲ ဖြစ်ပါတယ်။
လက်ရှိမှာ Nvidia ဟာ စတော့ဈေးကွက်တန်ဖိုး ဒေါ်လာ ၄ ဒသမ ၈ ထရီလီယံ ဝန်းကျင်နဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီအဖြစ် ရပ်တည်နေပါတယ်။
Source:Reuters










