DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်အစိုးရသစ်နှင့် ဆက်ဆံရေးကောင်းတည်ဆောက်ရန် AA နှင့် စစ်ကောင်စီ သဝဏ်လွှာပို့  
DVB
·
February 26, 2026
ဘင်္ဂလားဒေ့ရှ်အစိုးရသစ်နှင့် ဆက်ဆံရေးကောင်းတည်ဆောက်ရန် AA နှင့် စစ်ကောင်စီ သဝဏ်လွှာပို့  
Donate to DVB

ရွေးကောက်ပွဲမှာ အနိုင်ရပြီး အသစ်တက်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်းကြီး ဒေါက်တာ ခါလီလာရာမန်ထံကို အာရက္ခတပ်တော် (AA)ရဲ့ခေါင်းဆောင်လည်းဖြစ် ရက္ခိုင့်အမျိုးသားအဖွဲ့ (ULA)ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့  ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တို့က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် BSS သတင်းဌာနက ရေးသား ပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရသစ်နဲ့ အာရက္ခပြည်သူ့အစိုးရတို့ကြားမှာ လက်တွေ့ကျပြီး ချစ်ကြည်ရင်းနှီးမှု လမ်းကြောင်းသစ်တခုကို ဖန်တီးကြဖို့ကိုလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တိုက်တွန်းထားပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးသစ်အနေနဲ့ ကျနော်တို့နဲ့အတူ လက်တွေ့ ကျပြီး ရေရှည်တည်တံ့တဲ့ လက်တွေ့ ဖြေရှင်းနည်းတွေကို လက်တွဲလုပ်ဆောင်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့ရဲ့ လက်ရှိ ဆက်ဆံရေးကောင်းတွေကို အခြေခံပြီး ဘင်္ဂလားဒေ့ရှ်နဲ့ အာရက္ခပြည်သူ့ အစိုးရတို့အကြား ချစ်ကြည်ရင်းနှီးမှု လမ်းကြောင်းသစ်တခုကို ဖန်တီးကြဖို့ အခွင့်အရေးလည်း ရှိနေပြီ” လို့ပြောပါတယ်။

အာရက္ခပြည်သူ့အစိုးရရဲ့ သဝဏ်လွှာဟာ အစိုးရ ၂ ရပ်ကြား ဆက်ဆံမှုကို ကောင်းမွန်နိုင်စေသလို ရိုဟင်ဂျာအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ နှစ်ဖက်အစိုးရအကြား အဆင်သင့်ဖြစ်နေမှုကို ညွှန်ပြ နေတယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းစာက ရေးပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးသစ် ဒေါက်တာ ခါလီလာရာမန်ဟာ စစ်ကောင်စီအစိုးရနဲ့ အာရက္ခပြည်သူ့အစိုးရ နှစ်ရပ်လုံးကို ဆက်သွယ်ပြောဆိုမှုတွေ ရှိခဲ့တယ်လို့ လည်း သတင်းမှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတယောက်က“မြန်မာနဲ့ အာရက္ခ တပ်တော်အာဏာပိုင်တွေဆီက သတင်းစကားတွေ ရရှိမှုဟာ အလွန်ထူးခြားတဲ့ ဖြစ်ရပ်တခုဖြစ်ပြီး စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံမှုရဲ့ နောက်ဆက်တွဲ ရလဒ်အနေနဲ့ ထွက်ပေါ်လာတာဖြစ်တယ်။

သူတို့နဲ့ စဉ်ဆက်မပြတ် ဆက်သွယ်မှုတွေနဲ့ ဆွေးနွေးမှုတွေကတဆင့် ရိုဟင်ဂျာပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရသစ်အပေါ် သူတို့ရဲ့ ယုံကြည်မှုကို ထင်ဟပ် စေတယ်”လို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က BSS သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေကလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးသစ်ကို ဖေဖော်ဝါရီ ၂၅ ရက်က ဂုဏ်ပြုစကားပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ဖို့ နေပြည်တော်နဲ့ ဒါကာအကြား ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေဖို့ ခိုင်မာတဲ့ကတိကဝတ်ကို ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။

အာရက္ခပြည်သူ့အစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရသစ်နဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့ ကြိုးပမ်း တာဟာ လက်တွေကျတဲ့ နိုင်ငံရေးလုပ်ဆောင်ချက်တခုဖြစ်တယ်လို့ ရခိုင်နိုင်ငံရေး စောင့်ကြည့်သူ လူငယ်အမျိုးသားတယောက်က မှတ်ချက်ပြုပါတယ်။

“အာရက္ခပြည်သူ့အစိုးရဘက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကို သဝဏ်လွှာပေးပို့တာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ကြဖို့ တိုက်တွန်းတာဟာ လက်တွေ့ကျတဲ့ နိုင်ငံရေး လုပ်ဆောင်ချက် တခုလို့ မြင်တယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ဆိုတာ ပထဝီနိုင်ငံရေးအရ ထိစပ် နေတာကြောင့် ဆက်ဆံရေးကောင်းတည်ဆောက်ထားနိုင်ဖို့က မဖြစ်မနေလိုအပ်ပါတယ်။ အာရက္ခ ပြည်သူ့အစိုးရ အနေနဲ့လည်း နိုင်ငံချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းကို တည်ဆောက်ပြီးမှ တဆင့်ချင်းစီ ကမ္ဘာစင်မြင့်ပေါ်ကို တက်လှမ်းနိုင်မယ်။”

ဖေဖော်ဝါရီ ၁၆ ရက်ကလည်း ရေပိုင်နက်ကျူးကျော် ငါးဖမ်းမှုကြောင့် ဖမ်းဆီးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၇၃ ယောက်ကို AA က  ပြန်လွှတ်ပေးခဲ့ပါတယ်။

အာရက္ခတပ်တော်ဟာ ဘင်္ဂလားဒေရှ်နဲ့ ထိစပ်နေတဲ့ မောင်တော၊ ဘူးသီးတောင်နဲ့ ပလက်ဝမြို့နယ် အပါဝင် ရခိုင်က မြို့နယ် ၁၅ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

Source: BSS

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013