DVB Logo
Home
မြန်မာသတင်း
မြန်မာလက်နက်ကိုင်တပ်များ လိင်အကြမ်းဖက်မှု ကျူးလွန်ကြောင်း ကုလထုတ်ပြန်ချက် စစ်ကောင်စီ ကန့်ကွက်
DVB
·
February 22, 2026
မြန်မာလက်နက်ကိုင်တပ်များ လိင်အကြမ်းဖက်မှု ကျူးလွန်ကြောင်း ကုလထုတ်ပြန်ချက် စစ်ကောင်စီ ကန့်ကွက်
Donate to DVB

မြန်မာနိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်သူတွေကို သက်ဆိုင်ရာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေအရ တာဝန်ခံခိုင်းဖို့ဆိုတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရုံးရဲ့ ထုတ်ပြန်ချက်ကို စစ်ကောင်စီက ကန့်ကွက်လိုက်ပါတယ်။

စစ်တပ်အပါအဝင် တော်လှန်ရေးတပ်တွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ ရှိနေတယ် ဆိုတဲ့ ဖေဖော်ဝါရီ ၂ ရက်က ထုတ်ပြန်ချက်ကို စစ်ကောင်စီရဲ့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနဲ့ တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားကော်မတီက ရက် ၂၀ အကြာမှာ တုံ့ပြန်လာတာပါ။

ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းယူခဲ့တာ ၅ နှစ်ကြာခဲ့ပြီဖြစ်ပေမဲ့ မြန်မာပြည်သူတွေအပေါ် ထိတ်လန့်တုန်လှုပ်စေဖို့အတွက် စစ်ဗျူဟာနဲ့ နိုင်ငံရေးဖိနှိပ်မှု လက်နက်တခုအဖြစ် မုဒိမ်းကျင့်တာ၊ အုပ်စုဖွဲ့မုဒိမ်းကျင့်တာနဲ့ တခြား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပုံစံတွေ ဆက်သုံးနေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ပဋိပက္ခအတွင်း လိင်ပိုင်းအကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စပရာမီလာပတ်တန်က ထုတ်ပြန်ပြောဆိုပါတယ်။

ပြင်းထန်တဲ့ပဋိပက္ခတွေ၊ အလုံးအရင်းနဲ့ နေရပ်စွန့်ခွာရတာတွေ၊ ပြင်းထန်တဲ့ ငလျင်ဘေးတွေကြောင့် ရပ်တည်ဖို့ ခက်ခဲလာပြီး ဆင်းရဲဒုက္ခ အလွန်အမင်းခံစားရတာတွေကြားမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ မြင့်တက်လာခဲ့ပြီး မြန်မာနိုင်ငံက အမျိုးသမီးနဲ့ မိန်းကလေးငယ် ၆ သန်း အပါအဝင် ခန့်မှန်းခြေ လူဦးရေ ၁၂ သန်းလောက်ဟာ အရေးပေါ် အကာအကွယ်ပေးရေး အကူအညီတွေ လိုအပ်နေတယ်လို့ သူက ဆိုပါတယ်။

စစ်ကောင်စီကတော့ မြန်မာ့လူ့အဖွဲ့အစည်းဟာ လိင်အကြမ်းဖက်မှုကို ရိုးရာယဉ်ကျေးမှုအရ ဆန့်ကျင်တဲ့ သမိုင်းကြောင်းအစဉ်အလာရှိပြီး တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အပါအဝင် ဘယ်လိုပြစ်မှုကိုမဆို အသေးအဖွဲပဲဖြစ်ဖြစ် လုံးဝခွင့်မလွှတ်ဘဲ အရေးယူအပြစ်ပေးတဲ့မူ ချမှတ်ထားပြီး ကျူးလွန်ရင် ဥပဒေအရ အရေးယူခံရမယ်ဆိုတာ အတိအလင်း ပြဋ္ဌာန်းထားတယ်လို့ တုံ့ပြန်ပါတယ်။

ဒါပေမဲ့ ဘယ်သူတွေကို ဘယ်လိုအရေးယူတာတွေရှိခဲ့တယ်ဆိုတာကိုတော့ ဖော်ပြထားတာ မရှိပါဘူး။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုတွေကနေ တားဆီးနိုင်ရေးအတွက် အမျိုးသားအဆင့် တိုင်ကြားမှုယန္တရားအဖြစ် 4 Digits (1566) ၂၄ နာရီ Helpline ဝန်ဆောင်မှုကို ၂၀၂၂ ခုနှစ် အောက်တိုဘာမှာ စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအထိ လက်နက်ကိုင်ပဋိပက္ခအတွင်း မဟုတ်ပေမဲ့ ပြည်သူလူထုက တိုင်ကြားလာတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ဖြစ်စဉ်ပေါင်း ၂,၃၀၀ ကျော်ကို လက်ခံစစ်ဆေးပြီး ဥပဒေအရ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ အသိပညာပေးတာတွေ၊ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို တနေရာတည်းမှာ ဝန်ဆောင်မှုပေးတဲ့စင်တာ ဖွင့်ထားတာတွေ စတာတွေကိုလည်း တုံ့ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်ဟာ အတည်မပြုနိုင်တဲ့ သတင်းအချက်အလက်တွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) လို တဖက်သတ် စွပ်စွဲချက်တွေကို မှီငြမ်းထားတာဖြစ်ပြီး နိုင်ငံရေးဖိအားပေးမှုသက်သက်သာဖြစ်လို့ အပြင်းအထန် ကန့်ကွက်ပယ်ချတယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စပရာမီလာပတ်တန်က မြန်မာစစ်တပ်နဲ့ သူတို့ရဲ့လက်အောက်ခံတွေဟာ ကျေးရွာတွေကို စီးနင်းတဲ့အခါ၊ စစ်ဆေးရေးဂိတ်တွေမှာ၊ လယ်ကွင်းတွေမှာ၊ နေအိမ်တွေနဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ၊ ဒါ့အပြင် အွန်လိုင်းပေါ်မှာပါ လူမျိုးဘာသာမရွေး အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေ၊ အမျိုးသားတွေ၊ ယောကျ်ား လေးတွေနဲ့ LGBTQI+ တွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စနစ်တကျ အကြီးအကျယ် ကျူးလွန်နေတဲ့ ထိတ်လန့်ဖွယ်ရာ အစီရင်ခံစာတွေ ဆက်လက်ထွက်ပေါ်နေတယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက ကျူးလွန်တဲ့ လိင်ပိုင်းအကြမ်းဖက်မှုဆိုင်ရာ စိုးရိမ်ဖွယ် အစီရင်ခံစာတွေလည်း ထွက်ပေါ်နေသလို ရခိုင်ပြည်နယ်မှာ ဆက်ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေနဲအတူ စစ်တပ်နဲ့ အာရက္ခတပ်တော်တို့က ရိုဟင်ဂျာအမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို မုဒိမ်းကျင့်ခြင်းဆိုင်ရာ စိုးရိမ်ဖွယ် အစီရင်ခံစာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ ညှဉ်းပန်းနှိပ်စက်မှုနဲ့ မဖြစ်မနေ စစ်မှုထမ်းရတာကနေ ရှောင်ရှားဖို့ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်ရာမှာလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာ၊ လူကုန်ကူးခံရတာမျိုး အစီရင်ခံစာတွေလည်းရှိတယ်လို့ ဆက်ပြောပါတယ်။

အထူးကိုယ်စားလှယ် မစ္စပတ်တန်က “မြန်မာနိုင်ငံမှာကျူးလွန်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေရဲ့ အတိုင်းအတာနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ တုန်လှုပ်ခြောက်ခြားစရာ ကောင်းလှပါတယ်။ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ်ရဲ့ အဖွဲ့ဝင်တွေ၊ လက်အောက်ခံတွေအားလုံး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်တွေအနေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်းရပ်တန့်ပြီး ကာကွယ်ဖို့နဲ့ ကျူးလွန်သူတွေကို သက်ဆိုင်ရာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေအရ တာဝန်ခံခိုင်းဖို့ ကျမ အရေးပေါ် တောင်းဆိုပါတယ်” လို့ ဖေဖော်ဝါရီ ၂ ရက်က ပြောဆိုခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ မုဒိမ်းကျင့်တာနဲ့ တခြား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်တယ်လို့ ခိုင်ခိုင်လုံလုံ သံသယရှိရတဲ့အဖွဲ့အစည်းအဖြစ် ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုင်ရာ အတွင်းရေးမှူးချုပ်ရဲ့ နှစ်ပတ်လည် အစီရင်ခံစာ နောက်ဆက်တွဲစာရင်းမှာ ၂၀၁၇ ခုနှစ်ကတည်းက ထည့်သွင်းခံထားရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013