
ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါးကို စစ်ကောင်စီတပ်က ရဟတ်ယာဥ်နဲ့ ကယ်ထုတ်ခဲ့တဲ့အပေါ် စစ်ကောင်စီတပ်အတွင်း ဝေဖန်မှုတွေ မြင့်တက်နေတယ်လို့ တပ်တွင်း သတင်းရင်းမြစ်ကနေ သိရပါတယ်။
ရှေ့တန်းမှာ ရန်သူနဲ့ ရင်ဆိုင်တိုက်ခိုက်ပြီး အထိနာနေတဲ့ တပ်ဖွဲ့ဝင်တွေ ရန်သူဆီအဖမ်းမခံရမီ လေယာဥ်နဲ့ လာရောက်ကယ်ထုတ်ဖို့ စစ်တပ်ကို အကူအညီတောင်းခံတုန်းက မပေးဘဲ သူပုန်တယောက်ကို အခုလိုကယ်ထုတ်တာဟာ မိမိ လက်အောက်ငယ်သားတွေကို ဥပက္ခာပြုရာကျတယ်လို့ ရမခနဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
"၁၀၂၇ စစ်ဆင်ရေးတုန်းက ရှမ်းမြောက်မှာ ဒဏ်ရာရ စစ်သည်တွေအများကြီး ဗိုလ်မှူးကြီးအဆင့် အရာရှိတွေပါတယ်။ လေယာဥ်နဲ့လာပြီး ကယ်ထုတ်ပေးဖို့ အကူအညီတောင်းတယ်။ မရဘူး။ အကြီးအကဲတွေက မကူညီတော့ ရန်သူဖမ်းဆီးတာခံရတယ်။ အဖမ်းခံရလည်း ခေါင်းထဲမရှိဘူး။ နောက်ပိုင်း ကိုးကန့်တွေကသနားပြီး လွှတ်ပေးလို့ ပြန်လွတ်တာ။ ဗိုလ်နဂါးကို လေယာဥ်နဲ့ကယ်ထုတ်တဲ့ သတင်းကြားတော့ အတော်လေး ရင်နာစရာကောင်းတယ်။"
အလားတူ အာရက္ခတပ်တော် (AA) နဲ့ ဖြစ်ပွားခဲ့တဲ့ အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုက်ပွဲမှာ ကျည်နဲ့ ရိက္ခာတွေ ပြတ်လပ်လို့ ဒုတိုင်းမှူး တိုင်းစစ်ဦးစီးချုပ်အပါအဝင် စစ်သည်ရာနဲ့ချီကို အမြန်ဆုံးကယ်ထုတ်ဖို့ နောက်ကျန် ဇနီးသားမယားတွေစုပြီး စစ်ရုံးကို အကူအညီတောင်းခဲ့ပေမဲ့ လုံးဝကယ်ထုတ်မပေးဘူးလို့ နပခနဲ့ နီးစပ်သူတယောက် DVB ကို ပြောပါတယ်။
"နပခမှာတုန်း ဗိုလ်မှူးချုပ်အဆင့်တောင် လေယာဥ်နဲ့မကယ်ဘဲ အညာက သူပုန်မိသားစုကို ဆီကုန်ခံပြီး လေယာဥ်နဲ့ သွားကယ်ပေးတယ်ဆိုတော့ စစ်တပ်အတွက် အသက်ပေးမဲ့သူတွေ စစ်ထဲဝင်မဲ့သူတွေ လေ့လာလို့ရအောင် စစ်ခေါင်းဆောင်တွေရဲ့ ဦးနှောက်ကိုထုတ်ပြီး ပြတိုက်မှာ ထားရမယ်။ ကိုယ်လူကျတော့ ကျီးထိုးထိုး လဒစားစားဆိုတဲ့ ခေါင်းဆောင်စိတ်ဓာတ်တွေ။"
စစ်ကောင်စီတပ်က ကယ်ထုတ်လာတဲ့ ဗိုလ်နဂါးနဲ့မိသားစုဝင်တွေ တပ်ဖွဲ့ဝင်တွေကို အနောက် မြောက်တိုင်းစစ်ဌာနချုပ်မှာ စစ်ကောင်စီတပ်ကထားပေမဲ့ စစ်ကောင်စီတပ်နဲ့ မိသားစုဝင်တွေက ယုံကြည်မှုမရှိလို့ စောင့်ကြည့်နေကြတယ်လို့ တပ်တွင်းသတင်းရင်းမြစ်ကနေ သိရပါတယ်။
ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ဖွဲ့စခန်းတချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်တွေက ဖေဖော်ဝါရီ ၁၇ ရက်က တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၈ ရက်မှာ ဗိုလ်နဂါးနဲ့ မိသားစုဝင်တွေကို ကယ်ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။











