
ရုရှားနိုင်ငံ၊ ဆိုက်ဘီးရီးယားဒေသမှာ တရုတ်ခရီးသွား ၈ ယောက်ကို တင်ဆောင်လာတဲ့ ဘတ်စ်ကားဟာ ဖေဖော်ဝါရီ ၂၀ ရက်က ရေခဲနေတဲ့ ဘိုက်ကာလ်ရေအိုင်ကို ဖြတ်သန်း မောင်းနှင်ချိန်မှာ ရေခဲပြင်ကွဲအက်ပဲ့ကျကာ ရေထဲကိုထိုးကျလို့ ၇ ယောက် သေဆုံးသွားတယ်လို့ ရုရှားအရေးပေါ် ဝန်ကြီးဌာနက ပြောပါတယ်။
ဘတ်စ်ကားပေါ်မှာ လိုက်ပါလာတဲ့ တရုတ်ခရီးသွားတွေထဲက တယောက် ကတော့ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့တယ်လို့ အဲရ်ကွတ်စ် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အီဂေါ ကော့ဘ်ဇက်ဗ်က ပြောပါတယ်။
အရေးပေါ်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ရေအောက်ကင်မရာတွေကို အသုံးပြုပြီး ဖြစ်ပွားရာနေရာကို စစ်ဆေးခဲ့ရာမှာ ကားထိုးကျသွားတဲ့နေရာဟာ ရေအနက် ၁၈ မီတာ (၅၉ ပေလောက်) ရှိပြီး ရေငုပ်သမားတွေနဲ့ ရေအောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်ဖို့ စီစဉ်ထားကြောင်းလည်း ဆိုပါတယ်။
အိုလ်ခွန်ခရိုင် အစိုးရ ရှေ့နေရုံးဟာ ခရီးသည်တင်ဆောင်မှုဆိုင်ရာ ဘေးကင်းလုံခြုံရေးဥပဒေတွေကို လိုက်နာခြင်း ရှိ၊ မရှိ စစ်ဆေးနေပြီး အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရာဇဝတ်မှုနဲ့ အမှုဖွင့် စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း အစိုးရရှေ့နေရုံး ကိုယ်စားလှယ် ယဗ်ဂျန်နိုင်ယေ အယ်လ်ဖှိုရာဗာ က ပြောပါတယ်။
မွန်ဂိုးလီးယားနိုင်ငံရဲ့ မြောက်ဘက်မှာတည်ရှိတဲ့ ကမ္ဘာ့အနက်ရှိုင်းဆုံး ရေချိုရေသန့်အိုင်ကြီးဖြစ်တဲ့ ဘိုက်ကာလ်ရေအိုင်ဟာ ကမ္ဘာလှည့်ခရီးသွားတွေအကြား ရေပန်းစားတဲ့နေရာတခုဖြစ်ပါတယ်။
အိမ်နီးချင်း ၂ နိုင်ငံအကြား ဆက်ဆံရေး တိုးတက်လာမှုနဲ့ အပြန်အလှန် ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ပေးတဲ့ ခရီးသွားလာခွင့်စနစ် စတင်အသုံးပြုလာမှုကြောင့် လတ်တလော နှစ်ပိုင်းတွေအတွင်း ရုရှားကို တရုတ်ခရီးသွားတွေ လာရောက်မှုက သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။
Source: Reuters










