
အမေရိကန် အရပ်ဘက်အခွင့်အရေး (Civil Rights) လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူတယောက်ဖြစ်တဲ့ ဂျက်ဆီဂျက်ဆင်ဟာ အသက် ၈၄ နှစ်အရွယ်၊ ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းမှာ မိသားစုဝင်တွေ ဝန်းရံလျက် ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ပါတယ်။
အရပ်ဘက်အခွင့်အရေး (Civil Rights) ဆိုတာ လူမျိုး၊ ဘာသာနဲ့ အသားအရောင်မရွေး ဥပဒေရှေ့မှောက်မှာ တန်းတူညီမျှမှုနဲ့ အကာအကွယ်ရရှိရေးကို ဆိုလိုတာဖြစ်ပါတယ်။
ဂျက်ဆင်ကတော့ အမေရိကန်မှာ အသားအရောင်ခွဲခြားမှု ပပျောက်ရေး၊ မဲပေးခွင့် တန်းတူရရှိရေးနဲ့ အခြေခံလူတန်းစားတွေအတွက် စီးပွားရေးဆိုင်ရာ တရားမျှတမှု ရရှိရေးတို့ကို အဓိကထား တောင်းဆို လှုပ်ရှားခဲ့သူပါ။
ဂျက်ဆင်ဟာ မနှစ်က နှစ်ကုန်ပိုင်းကတည်းက အာရုံကြောအားနည်းတဲ့ ရောဂါတမျိုး (PSP) ခံစားခဲ့ရလို့ ဆေးရုံတက်ခဲ့ရပါတယ်။
ဂျက်ဆင်ဟာ မာတင်လူသာကင်း ဂျူနီယာ နဲ့အတူ အလုပ်တွဲလုပ်ခဲ့သူဖြစ်ပြီး လူမှုတရားမျှတရေးကို အဓိကထားတဲ့ Rainbow PUSH အဖွဲ့ကို တည်ထောင်ခဲ့သူအဖြစ် လူသိများပါတယ်။
ဒါ့အပြင် ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ သမ္မတလောင်းအဖြစ် နှစ်ကြိမ်တိုင်တိုင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲပေးကြဖို့ လူသန်းပေါင်းများစွာကို လှုံ့ဆော်နိုင်ခဲ့သူပါ။
အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားက ဂျက်ဆင်ရဲ့ သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့မှုတွေဟာ သူ့ရဲ့ သမ္မတဖြစ်လာရေး လှုပ်ရှားမှုတွေအတွက် အခြေခံအုတ်မြစ် ဖြစ်ခဲ့တယ်လို့ ဂုဏ်ပြုပြောဆိုပါတယ်။
အိုဘားမားက ဂျက်ဆင်ဟာ လူ့သမိုင်းမှာ အရေးပါဆုံး အပြောင်းအလဲလှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့တဲ့ “ခေါင်းဆောင်ကြီးတယောက်” ဖြစ်တယ်လို့လည်း ချီးကျူးခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကလည်း သူ့အနေနဲ့ ဂျက်ဆင်ကို သမ္မတမဖြစ်ခင်ကတည်းက သိကျွမ်းခဲ့တာဖြစ်ပြီး လူတွေကို တကယ်ချစ်ခင်တတ်တဲ့ လူကောင်းတယောက် ဖြစ်တယ်လို့ ဝမ်းနည်းစကား ဆိုခဲ့ပါတယ်။
နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကလည်း ဂျက်ဆင်ဟာ ဆင်းရဲနွမ်းပါးသူတွေနဲ့ ဖယ်ကြဉ်ခံရသူတွေအတွက် ဘဝကို မြှုပ်နှံခဲ့တဲ့ အပြောင်းအလဲကို ဖော်ဆောင်နိုင်သူအဖြစ် အောက်မေ့ဂုဏ်ပြုနေကြပါတယ်။
Source: Reuters










