DVB Logo
Home
နိုင်ငံတကာ
​​ဒုက္ခသည်စခန်းများကို အမေရိကန်ရန်ပုံငွေဖြတ်မှုကြောင့် ထိုင်းဆေးရုံများ ကျန်းမာရေးစရိတ် ပိုသုံးရ
DVB
·
February 18, 2026
​​ဒုက္ခသည်စခန်းများကို အမေရိကန်ရန်ပုံငွေဖြတ်မှုကြောင့် ထိုင်းဆေးရုံများ ကျန်းမာရေးစရိတ် ပိုသုံးရ
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်ထဲက နယ်စပ်ဆေးရုံတွေမှာ ဒုက္ခသည်စောင့်ရှောက်ရေး ရန်ပုံငွေ အကျပ်အတည်းဖြစ်ပေါ်နေပြီး တနှစ်ကို ဘတ်ဂျတ်ငွေဘတ်သန်း ၇၀ ကျော် လိုအပ်နေတဲ့ အကြောင်း The Nation Thailand သတင်းမှာ ဖောဖော်ဝါရီ ၁၆ ရက်က ဖော်ပြပါတယ်။

တာ့ခ်ခရိုင် ပြည်သူ့ကျန်းမာရေးရုံး ဒုတိယအရာရှိချုပ် ဒေါက်တာ ဖူရီချတ် ယင်း ယန်းဆန်က ဒုက္ခသည်စခန်းတွေကို ထောက်ပံ့ပေးနေတဲ့ ပြည်ပရန်ပုံငွေတွေ ရပ်ဆိုင်းသွားပြီးနောက် တာ့ခ်ခရိုင်တွင်း နေထိုင်သူတွေအတွက် ဆေးကုသမှု၊ ပြည်သူ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ် လို့ ပြောပါတယ်။

တာ့ခ်ခရိုင် ပြည်သူ့ကျန်းမာရေးရုံးအနေနဲ့့ ဆေးခန်းတွေနဲ့ ပူးပေါင်းကာ ကျန်းမာ ရေးစောင့်ရှောက်မှုနဲ့ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းတွေကို တာဝန်ယူဆောင်ရွက်နေတာဖြစ်ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကနေ ဒီဇင်ဘာလအထိ ၁၁ လတာကာလ အတွင်း ခိုလှုံရာစခန်းတွကနေ ဆေးရုံတွေဆီ လူနာတွေ လွှဲပြောင်းကုသမှုစရိတ် ဟာ စုစုပေါင်း ဘတ် ၄၂ ဒသမ ၁ သန်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ အမေရိကန်နိုင်ငံမှာ ဒေါ်နယ်ထရမ့်ပ် သမ္မတဖြစ်လာပြီးနောက် ကမ္ဘာလုံးဆိုင်ရာ အမေရိကန်ရဲ့ အကြီးမားဆုံး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးနေတဲ့ USAID အထောက်အပံ့ ၈၃ ရာခိုင်နှုန်းကို ရပ်ဆိုင်းလိုက်ရာမှာ ထိုင်း- မြန်မာနယ်စပ်တလျှောက် မြန်မာဘက်က ဒုက္ခသည် ၁ သိန်းကျော်ကို နှစ်ပေါင်း ၃၀ ကျော် ၄၀ ကြာစောင့်ရှောက်လာခဲ့တဲ့ ဒုက္ခသည်စခန်းတွေမှာ အထောက်အပံ့မဲ့၊ စခန်းတွင်း ဆေးရုံတွေ ပိတ်ပစ်ရတာတွေ၊ စားနပ်ရိက္ခာ လက်ကျန်ပြတ်လပ်လုအ နေအထားတွေအထိ ရင်ဆိုင်ခဲ့ရတာပါ။

ဒါ့အပြင် ဒီအခြေအနေကြောင့် ထိုင်းနိုင်ငံ ယာယီခိုလှုံရာစခန်းတွေထဲက နေရပ်စွန့် ခွာသူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးကော်မတီ (IRC) အတွက် ရန်ပုံငွေတွေကိုလည်း တစိတ်တပိုင်း ရပ်ဆိုင်း ခဲ့ရသလို သက်တမ်းတိုးခြင်း မပြုလုပ်ပါက ထောက်ပံ့မှုအားလုံးဟာ အခုနှစ်၊ မတ် ၃၁ ရက်မှာ ကုန်ဆုံးမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ထိုင်း-မြန်မာနယ်စပ် ခရိုင် ၄ ခုမှာတော့ နေရပ်စွန့်ခွာသူတွေအတွက် ယာယီခိုလှုံရာ စခန်း ၇ ခု ရှိပြီး အဲဒီထဲမှာ ထဆောင်ယန်းခရိုင်ထဲက မယ်လဒုက္ခသည်စခန်းက အကြီးဆုံးစခန်းဖြစ်ကာ စခန်းတွေထဲ စုစုပေါင်း ဒုက္ခသည် ၈၁,၃၆၃ ယောက် နီးပါးရှိပြီး တာ့ခ်ခရိုင်မှာ ၄၈,၆၂၆ ယောက်နဲ့ အများဆုံး လက်ခံထားတယ်လို့ သိရပါတယ်။

ဒါ့ပေမဲ့ တာ့ခ်ခရိုင်ထဲမှာ စခန်းတွေအတွင်းရှိသူတွေအပြင် ထိုင်းနိုင်ငံသား မဟုတ်သူ အများအပြားလည်း နေထိုင်ကြသလို ခရိုင်အတွင်း နိုင်ငံခြားသား ၄၂၆,၇၂၅ ယောက်လောက်  နေထိုင်နေပြီး ဒါက တာ့ခ်ခရိုင် စုစုပေါင်းလူဦးရေရဲ့ ၄၄ ရာခိုင်နှုန်းနီးပါး ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီထဲက ၁၄၃,၇၃၂ ယောက်က  မှတ်ပုံတင်ထားပြီး ကျန်းမာရေးအာမခံရှိကြပေမဲ့  ၂၈၂,၉၉၃ ယောက် ကတော့ မှတ်ပုံတင်ထားခြင်း မရှိဘူးလို့ ဆိုပါတယ်။

တကယ်လို့သာ တာ့ခ်ခရိုင်အနေနဲ့ စခန်းတွေအတွင်း ဝန်ဆောင်မှုတွေကို ဆက် လက်ပံ့ပိုးရမယ်ဆိုပါက ၂၀၂၆ ခုနှစ်အတွက် တနှစ်ကို ဘတ် ၇၂ ဒသမ ၉ သန်းနီးပါး လိုအပ်မယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီထဲမှာ ကုသမှု၊ ကျန်းမာရေးမြှင့်တင်မှုနဲ့ ကာကွယ်ရေး ပံ့ပိုးမှုစရိတ် ဘတ် ၆ ဒသမ ၆၉ သန်းနီးပါး၊ ဆေးရုံတွင်း ဆေးကုသမှုစရိတ်  ဘတ် ၅၁ ဒသမ ၇ သန်း၊ လုပ်ငန်းလည်ပတ်မှုစရိတ် ဘတ် ၄ သန်း၊ ဝန်ထမ်းစရိတ် ဘတ် ၁၀ ဒသမ ၅ သန်း တို့ ပါဝင်နေတယ်လို့ ဆိုပါတယ်။

ဒေါက်တာဖူရီချတ်က "ကျနော်တို့ရဲ့ နောက်ထပ်စိုးရိမ်မှုကတော့ လွန်ခဲ့တဲ့နှစ်မှာ စ ခန်းတွေရဲ့ ဆေးကုသမှုစနစ် တိုးတက်အောင် လုပ်ခဲ့ပေမဲ့ သိပ်မလုပ်နိုင်သေးတဲ့ စိန်ခေါ်မှုဖြစ်နေဆဲအရာကတော့ ကျန်းမာရေးမြှင့်တင်မှု လုပ်ငန်းတွေပါပဲ" လို့ ပြောပါတယ်။

ကလေးသူငယ် ကျန်းမာရေးစောင့်ရှောက်မှု၊ ကာကွယ်ဆေးထိုးနှံမှု လက်လှမ်းမီမှု ဟာ ထိုင်းနိုင်ငံသားတွေနဲ့ ယှဉ်ရင် ကန့်သတ်ချက်တွေ ရှိနေဆဲဖြစ်ကြောင်းနဲ့ ထိုင်း နိုင်ငံသားမဟုတ်သူများအတွက်ပါ လက်လှမ်းမီမှုကို တိုးမြှင့်ဖို့ လိုအပ်ကြောင်း လည်း သူက ပြောပါတယ်။

"သူတို့ ကျန်းမာရေးဝန်ဆောင်မှု ပိုရလာရင် ဒါဟာ ထိုင်းနိုင်ငံကို ကာကွယ်ရာလည်း ရောက်ပါတယ်" 

မဲဆောက်ဆေးရုံ ဒါရိုက်တာ ဒေါက်တာ ရာမတ် ဝမ်ဝီလိုင်ရတ်ကတော့ ဒုက္ခသည် ကျန်းမာရေးစောင့်ရှောက်မှုစနစ်အနေနဲ့ စခန်းတွေအတွင်း လူနာတွေကို စစ်ဆေးကုသရာမှာ လူထုအခြေပြုဆေးရုံတွေကို ရှေ့တန်းအဖြစ် အားကိုးနေရတယ်လို့ ပြောပါတယ်။

သူတို့ မတတ်နိုင်တဲ့ အခြေအနေတွေမှာ မဲဆောက်ဆေးရုံဆီ လွှဲပြောင်းပေးရပြီး မဲဆောက်ဆေးရုံက လူထုအခြေပြုဆေးရုံ ၄ ခုလုံးကို ဝန်ထမ်း၊ ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ ထောက်ပံ့ပေးနေရတယ်လို့ ဆိုပါတယ်။

မဲဆောက်ဆေးရုံဟာ အရင်က ပြည်ပအကူအညီ ဘတ်သန်း ၃၀ နီးပါး ရရှိခဲ့ပေမဲ့ ၂၀၂၅ ခုနှစ်မှာ ဘတ် ၁၀ သန်းနီးပါးသာ ရရှိတော့တာကြောင့် ၆၇ ရာခိုင်နှုန်းလောက် လျော့ကျသွားကာ အခုနှစ်မှာတော့ ပြည်ပရန်ပုံငွေ လုံးဝရရှိတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

"ဒါကြောင့် ကျနော်တို့ရဲ့ လုပ်ငန်းစဉ်တွေကို ပြောင်းလဲရမှာဖြစ်ပြီး ရှိတဲ့အရင်းအမြစ်တွေကို အထိရောက်ဆုံး အသုံးချနိုင်အောင် လုပ်ဆောင်နေရပါတယ်" 

ရေတိုကာလအတွက် နယ်စပ်ဒေသ ဆေးရုံတွေဟာ ဂျပန်အစိုးရဆီက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတဆင့် ဘတ် သန်း ၁၀၀ နီးပါး ရရှိနိုင်ဖို့ ပြင်ဆင်နေသလို အဆိုပါရန်ပုံငွေကို လာမဲ့ ၂ နှစ်အတွင်း ရောဂါစောင့်ကြည့်ရေး ဒေတာစနစ်တွေ ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ နယ်စပ်ဆေးရုံ လုပ်ငန်းစဉ်တွေကို ထောက်ပံ့နိုင်ဖို့ အသုံးပြု မယ်လို့ ဆိုပါတယ်။

ကျန်းမာရေးစနစ် သုတေသနဌာန (HSRI) ဒါရိုက်တာ ဒေါက်တာ သုဖကစ် သီရိလက်ကတော့ နိုင်ငံတကာ ဖွံ့ဖြိုးရေးအကူအညီတွေ လျော့ကျလာတာကြောင့် လူ သားချင်းစာနာထမှုဆိုင်ရာ အစီအစဉ်တွေကို လျှော့ချရကာ ရွှေ့ပြောင်း နေထိုင်သူတွေ နေရပ်စွန့်ခွာသူတွေရဲ့ ကျန်းမာရေး ဝန်ဆောင်မှုရရှိမှုတွေကို နည်းပါးသွားစေပြီး နယ်စပ် ထိုင်းပြည်သူ့ကျန်းမာရေးဌာနတွေအပေါ် မကြုံစဖူး ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်လို့ ပြောလိုက်ပါတယ်။

အရင်က စခန်းတွေအတွင်း ကျန်းမာရေးစောင့်ရှောက်မှုကို စနစ်တကျ စီမံခန့်ခွဲခဲ့ ပြီး အခြေခံကုသမှုတွေကို စခန်းတွင်းဆေးရုံတွေမှာ ဆောင်ရွက်ကာ မတတ်နိုင်တဲ့ အဆင့်ကို မဲဆောက်ဆေးရုံလို ခရိုင်ဆေးရုံတွေဆီ လွှဲပြောင်းခဲ့ကြောင်းနဲ့ IRC က ကုန်ကျစရိတ်အများစုကို တာဝန်ယူပေးခဲ့တယ်လို့ သူက ဆိုပါတယ်။

အခုအခါမှာတော့ အဲဒီထောက်ပံ့မှုတွေ မရှိတော့တာကြောင့် ကုသစရိတ်အားလုံးက ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန လက်အောက်က ထိုင်းအစိုးရဆေးရုံတွေ အပေါ် မလွဲမသွေ ကျရောက်လာခဲ့တယ်လို့  ဆိုပါတယ်။

လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေးရှုထောင့်က ကြည့်ရင် ထိုင်းနိုင်ငံအနေနဲ့ ဒုက္ခသည်တွေကို စခန်းတွေအတွင်း နာမကျန်းဖြစ်ပြီး သေဆုံးသွားစေဖို့ ခွင့်မပြု နိုင်ပေမဲ့ ဆေးရုံတွေက ရရှိထားတဲ့ ဘတ်ဂျက်ကတော့ ထိုင်းနိုင်ငံသား အရေအတွက်ပေါ်မှာသာ မူတည်ပြီး ထိုင်းနိုင်ငံသား မဟုတ်သူတွေ၊ ဒါမှမဟုတ် ဒုက္ခသည်တွေအတွက် အကျုံးမဝင်ဘူးလို့လည်း ဆိုပါတယ်။

ဒါ့အပြင် ရန်ပုံငွေမလောက်ငှမှုက စခန်းတွေအတွင်း သန့်ရှင်းသောရေနဲ့ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုတို့ကို ထိခိုက်စေတာကြောင့် ရောဂါကူးစက်ပြန့်ပွားမှု အန္တရာယ်ကို မြင့်တက်စေပြီး နယ်စပ် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွရဲ့ အလုပ်တာဝန်ကို ပိုမိုများပြားစေမယ်လို့လည်း သူက သတိပေးလိုက်ပါတယ်။

ထိုင်းအစိုးရအနေနဲ့ စခန်းတွေအတွင်းက ဒုက္ခသည်အားလုံးအတွက် သီးသန့်ဘတ် ဂျက်တခု သတ်မှတ်ပေးဖို့ သူက အဆိုပြုလိုက်ပြီး ခန့်မှန်းခြေအရ တနှစ်ကို ဘတ် သန်း ၂၀၀ ကနေ ၃၀၀ အကြား ခွဲဝေပေးပါက အခြေအနေကို ထိန်းကျောင်းနိုင် မယ်လို့ ပြောလိုက်ပါတယ်။

ဒီပမာဏဟာ ထိုင်းနိုင်ငံရဲ့ ဘဏ္ဍာရေးစွမ်းဆောင်ရည်နဲ့ ယှဉ်ရင်နည်းပါးပြီး နိုင်ငံတကာမှာ ထိုင်းနိုင်ငံရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်မယ်လို့လည်း သူက ဆိုပါ တယ်။

Source:  The Nation 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013