DVB Logo
Home
မြန်မာသတင်း
တီမောနိုင်ငံက အမှုလက်ခံခြင်းသည် ပြည်တွင်းရေးဝင်စွက်ခြင်းမဟုတ်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ ပြော
DVB
·
February 17, 2026
တီမောနိုင်ငံက အမှုလက်ခံခြင်းသည် ပြည်တွင်းရေးဝင်စွက်ခြင်းမဟုတ်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ ပြော
Donate to DVB

တီမောလက်စ်တေနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံရုံးယာယီတာဝန်ခံကို နှင်ထုတ်တာက အနိုင်ကျင့်မှုဖြစ်ကြောင်း လေ့လာသူတွေက ပြောသလို အမှုလက်ခံလိုက်တာက တရားရေးသာဖြစ်ပြီး ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ မဟုတ်ဘူးလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ဘက်က ထောက်ပြပါတယ်။

ရန်ကုန်မြို့အခြေစိုက် တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံ မစ္စတာ အဲလီစီယိုကို လာမဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ထက် နောက်မကျဘဲ မြန်မာနိုင်ငံကနေ အပြီးအပိုင်ထွက်ခွာဖို့ မြန်မာအာဏာသိမ်းစစ်တပ်က အမိန့်ထုတ်လိုက်ပါတယ်။

ဒါဟာ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုတွေနဲ့ တီမောနိုင်ငံမှာ တရားစွဲဆိုထားမှုကို တီမောအာဏာပိုင်တွေဘက်က လက်ခံစစ်ဆေးဖို့ အစိုးရရှေ့နေတယောက်ကို တာဝန်ပေးလိုက်ပြီးနောက်မှာ ပေါ်ပေါက်လာတဲ့ သံတမန်ရေးရာ တုံ့ပြန်မှုတခုလည်း ဖြစ်ပါတယ်။

တီမောတရားရုံးမှာ အမှုဖွင့်ထားတဲ့ CHRO ကတော့ ဒါဟာ နိုင်ငံရေးအရ စွက်ဖက်မှုမဟုတ်ဘဲ တရားဥပဒေကြောင်းအရ ဆောင်ရွက်ချက်သာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

CHRO ပြောခွင့်ရသူ ဆလိုင်းမန်ဟရဲလျန်က “ကျနော်တို့ တရားစွဲဆိုထားတာက ပြည်တွင်းရေးနဲ့ မဆိုင်ပါဘူး။ တီမောနိုင်ငံရဲ့ ဥပဒေမှာလည်း Universal Jurisdiction ဆိုတာ ရှိပြီးတော့ တခြားနိုင်ငံတွေက သူတို့ရဲ့တရားရုံးမှာ တရားစွဲဆိုခွင့်ကို ခွင့်ပြုထားတာဖြစ်ပါတယ်။ ဒီဟာက နိုင်ငံရေးနဲ့မဆိုင်ဘူး။ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုနဲ့ တရားမျှတရေးနဲ့ပဲဆိုင်တဲ့ကိစ္စ ဖြစ်တဲ့အတွက်ကြောင့် တီမောက ပြည်တွင်းရေးစွက်ဖက်တယ် ဆိုတာက အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ဖြစ်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် သူတို့ရဲ့ တရားဥပဒေမှာ ရှိတဲ့အတိုင်း တရားရုံးဌာနက လုပ်ဆောင်တာဖြစ်ကြောင်းနဲ့ တီမောလက်စ်တေ တရားရုံးနဲ့ သူတို့ရဲ့ လွတ်လပ်တဲ့ တရားရုံးဌာနကို ယုံကြည်မှုရှိတယ်လို့လည်း သူကပြောပါတယ်။

နိုင်ငံရေးလေ့လာသူတွေကတော့ စစ်ကောင်စီဟာ အင်ဒိုနီးရှားနဲ့ မလေးရှားလို အာဆီယံ အင်အားကြီးနိုင်ငံတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ထိတွေ့မှုကိုတော့ ပြင်းပြင်းထန်ထန် မကန့်ကွက်ရဲဘဲ နိုင်ငံငယ်လေးဖြစ်တဲ့ တီမောကိုမှ ရွေးချယ်ဖိအားပေးတာဟာ အနိုင်ကျင့်တဲ့သဘော ဆောင်နေတယ်လို့ ထောက်ပြကြပါတယ်။

ဒီလုပ်ရပ်နဲ့ ပတ်သက်လို့ Myanmar Accountability Project (MAP) ရဲ့ ဒါရိုက်တာ ခရစ္စတိုဖာ ဂန်းနက်စ်က အနိုင်ကျင့်တဲ့လုပ်ရပ်လို့ ဝေဖန်လိုက်ပါတယ်။

“တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံကို မြန်မာစစ်ကော်မရှင်က နှင်ထုတ်တယ်ဆိုတာ ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း (CHRO) ရဲ့ မင်းအောင်လှိုင် အပါအဝင် တခြား စစ်ခေါင်းဆောင်တွေအပေါ် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ခြင်း၊ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း စွဲချက်တွေနဲ့ တရားစွဲဆိုမှုကို စစ်ဆေးဖို့အတွက် အစိုးရရှေ့နေတဦးကို တာဝန်ပေးလိုက်လို့ ဖြစ်ပါတယ်။ မြန်မာစစ်ကော်မရှင်က အခုလို စွက်ဖက်မှု၊ အနိုင်ကျင့်မှုတွေ လုပ်ပေမဲ့လည်း တီမောလတ်စ်တေအနေနဲ့ အလျှော့ပေးလိမ့်မယ် မထင်ပါဘူး။ တီမောအစိုးရအနေနဲ့ တရားမျှတမှုရဖို့ ပိုတောင်အားထုတ်ကြိုးပမ်းလာလိမ့်ဦးမယ်လို့ ထင်ပါတယ်။”

စစ်ကောင်စီဘက်ကတော့ တီမောသမ္မတဟာ မြန်မာ့ပြည်တွင်းရေးကို စွက်ဖက်နေတယ်လို့ စွပ်စွဲထားပြီ အခုလုပ်ရပ်ဟာ အာဆီယံပဋိညာဉ်ပါ အခြေခံမူတွေကို ချိုးဖောက်တာလို့ ဆိုပါတယ်။

ဒါ့အပြင် တီမောအနေနဲ့ သဘောထား မပြောင်းလဲဘူးဆိုရင် ပိုပြင်းထန်တဲ့ အစီအမံတွေ ချမှတ်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

တီမောနိုင်ငံဟာ ၂၀၂၃ ခုနှစ်တုန်းကလည်း သံတမန်တယောက် နှင်ထုတ်ခံခဲ့ရဖူးသလို အခုတကြိမ်မှာလည်း တရားမျှတမှုရှာဖွေရေး ကြိုးပမ်းမှုတွေကြောင့် စစ်ကောင်စီရဲ့ ပစ်မှတ်ထားခံခဲ့ရတာ ဖြစ်ပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013