
နာမည်ကျော် The Godfather ဇာတ်ကားနဲ့ Apocalypse Now ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဝါရင့်ရုပ်ရှင်မင်းသားကြီး ရောဘတ်ဒူဗယ်လ်ဟာ အသက် ၉၅ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။
အော်စကာဆုရှင် ဒူဗယ်လ်ဟာ ဖေဖော်ဝါရီ ၁၅ ရက်က ဗာဂျီးနီးယားပြည်နယ်က သူ့နေအိမ်မှာ ကွယ်လွန်သွားခဲ့တာလို့ ဇနီးဖြစ်သူက ထုတ်ပြန်ပါတယ်။
ဇနီးဖြစ်သူ လူစီယာနာက “ကမ္ဘာကြီးအတွက်တော့ သူဟာ အကယ်ဒမီဆုရှင် သရုပ်ဆောင်၊ ဒါရိုက်တာတယောက် ဖြစ်ပေမဲ့ ကျမအတွက်တော့ သူဟာ အရာအားလုံးပါပဲ” လို့ ပြောပါတယ်။
တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်မင်းသားကြီး အယ်လ်ပါစီနို ကလည်း “သူဟာ သရုပ်ဆောင်ဖြစ်ဖို့ မွေးလာတာပါ။ လွမ်းနေတော့မှာပဲ” လို့ ဂုဏ်ပြုစကား ဆိုပါတယ်။
ဆယ်စုနှစ် ၆ ခုကြာ အနုပညာသက်တမ်းတလျှောက်မှာ ဒူဗယ်လ်ဟာ မာဖီးယားအကြံပေးနဲ့ စစ်တပ်အရာရှိလို ဇာတ်ကောင်တွေနဲ့ ပရိသတ်အားပေးမှု ရရှိခဲ့ပါတယ်။
အထူးသဖြင့် Apocalypse Now ဇာတ်ကားထဲက “မနက်ခင်းမှာရတဲ့ နေပမ်းဗုံးရနံ့ကို ငါသဘောကျတယ်” ဆိုတဲ့ သူ့ရဲ့ပြောစကားဟာ ဂန္ထဝင် တွင်ခဲ့ပါတယ်။
ဒါရိုက်တာကြီး ဖရန်စစ်ဖို့ဒ် ကော်ပိုလာကလည်း ဒူဗယ်လ် ဆုံးပါးသွားတာဟာ ကြီးမားတဲ့ ထိုးနှက်ချက်တခုပါလို့ ဝမ်းနည်းစကား ဆိုပါတယ်။
အော်စကာဆု ၇ ကြိမ် ဆန်ခါတင်စာရင်းဝင်ခဲ့တဲ့ ဒူဗယ်လ်ဟာ ၁၉၈၃ ခုနှစ်မှာ Tender Mercies ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့ပါတယ်။
Source: Reuters










