
ရီယိုပွဲတော်မှာ စက်ရုံအလုပ်သမားဘဝကနေ သမ္မတဖြစ်လာတဲ့အထိ ဘရာဇီးသမ္မတ လူးဝစ် အီနာစီယို လူလာ ဒါဆေးလ်ဗားရဲ့ ဘဝဇာတ်ကြောင်းကို ဂုဏ်ပြုတင်ဆက်မဲ့ကိစ္စဟာ တရားမဝင် ကြိုတင်မဲဆွယ်တာလို့ အတိုက်အခံတွေက စွပ်စွဲပြီး တရားစွဲထားကြပါတယ်။
သမ္မတ လူလာဟာ လာမဲ့ အောက်တိုဘာလ ရွေးကောက်ပွဲမှာ တဆက်တည်းမဟုတ်တဲ့ စတုတ္ထအကြိမ်မြောက် သမ္မတသက်တမ်းအတွက် ထပ်မံယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက် ညမှာ ကျင်းပမဲ့ ဒီပွဲကို ရပ်တန့်ပေးဖို့ တောင်းဆိုထားတဲ့အမှု အပါအဝင် တရားစွဲဆိုမှု အများစုကိုတော့ တရားရုံးတွေက ပယ်ချထားပြီးဖြစ်ပါတယ်။
ပွဲစီစဉ်သူတွေကတော့ ဒါဟာ မဲဆွယ်တာမဟုတ်ဘဲ အခက်အခဲပေါင်းစုံကြားကနေ သမ္မတဖြစ်လာတဲ့ ရဲရင့်သူတယောက်ရဲ့ ဘဝဇာတ်ကြောင်းကို တင်ဆက်တာပါလို့ တုံ့ပြန်ပါတယ်။
ဒါပေမဲ့ ဝေဖန်သူတွေကတော့ သီချင်းစာသားထဲမှာ လူလာနဲ့ သူ့ရဲ့အလုပ်သမားပါတီ ကိုယ်စားပြုတဲ့ မဲပုံးနံပါတ် ၁၃ ကို ထည့်သွင်းထားတာကြောင့် ဒါဟာ နိုင်ငံရေးရည်ရွယ်ချက်ရှိတယ်လို့ ထောက်ပြကြပါတယ်။
အတိုက်အခံ နိုဗိုပါတီ (Novo Party) ခေါင်းဆောင် လွှတ်တော်အမတ် မာဆဲလ် ဗန် ဟက်တမ်က “ဒါဟာ ဆိုဗီယက်ပြည်ထောင်စုဝင်နိုင်ငံ တနိုင်ငံမှာ မြောက်ကိုရီးယားလို နိုင်ငံတွေမှာ တွေ့ရတတ်တဲ့ မဟာခေါင်းဆောင်ကြီးကို ဂုဏ်ပြုတဲ့ လုပ်ရပ်မျိုးပါ” လို့ ဝေဖန်ခဲ့ပါတယ်။
သမ္မတ လူလာအနေနဲ့ အဲဒီပွဲကို သွားရောက်ကြည့်ရှုမှာဖြစ်ပေမဲ့ မိန့်ခွန်းပြောကြားမှာ မဟုတ်ဘူးလို့ သိရပါတယ်။
နိုင်ငံရေးအရ အကဲဆတ်တဲ့ အခြေအနေဖြစ်တာကြောင့် ပွဲတက်ရောက်မဲ့ ဝန်ကြီးတွေကိုလည်း ပွဲမှာ ပါဝင်ဆင်နွှဲခြင်းမလုပ်ဘဲ ထိုင်ခုံမှာပဲထိုင်နေဖို့နဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေ မလုပ်ဖို့ သမ္မတရဲ့အဖွဲ့က တင်းတင်းကျပ်ကျပ် ညွှန်ကြားထားပါတယ်။











