
ရုရှားနိုင်ငံမှာ WhatsApp အသုံးပြုခွင့် ပိတ်ပင်လိုက်ပြီး အစိုးရကျောထောက်နောက်ခံပြု အက်ပလီကေးရှင်းတခုကို ပြောင်းလဲသုံးစွဲဖို့အတွက် အာဏာပိုင်တွေက တိုက်တွန်းလိုက်ပါတယ်။
ဒါဟာ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ရုရှားပြည်တွင်းမှာ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်အပေါ် တင်းကျပ်လိုတာ ဖြစ်တယ်လို့လည်း ရှုမြင်ထားကြပါတယ်။
WhatsApp ဘက်က ရုရှားဥပဒေစံနှုန်းနဲ့ ပြဋ္ဌာန်းချက်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့အလျောက် အခုလိုမျိုး ပိတ်ပင်ရတာဖြစ်ကြောင်း ကရင်မလင်နန်းတော်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒမစ်ထရီ ပက်စ်ကို့ဗ်က အတည်ပြုပါတယ်။
ဒါကြောင့် ရုရှားပြည်သူတွေအနေနဲ့ MAX ဆိုတဲ့ အက်ပလီကေးရှင်းကို အစားထိုး သုံးစွဲနိုင်တယ်ဆိုပြီး ပက်စ်ကို့ဗ်က ဖေဖော်ဝါရီ ၁၂ ရက်မှာ ကြေညာထားပါတယ်။
MAX ဟာ WhatsApp လိုမျိုး End-to-End Encryption လုံခြုံရေးစနစ် မပါဝင်ပေမဲ့လည်း စာပို့တာ၊ ငွေပေးချေတာနဲ့ အွန်လိုင်းပေါ်က ဝန်ဆောင်မှုတွေကို အသုံးပြုတာမျိုးအထိ တနေရာတည်းမှာ လုပ်ဆောင်နိုင်ကြောင်း သိရပါတယ်။
ဒါ့အပြင် MAX အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို အာဏာပိုင်တွေဘက်က တောင်းဆိုလာခဲ့ရင် မျှဝေပေးရမှာ ဖြစ်တယ်လို့လည်း ပွင့်ပွင့်လင်းလင်း အသိပေးထားပါတယ်။
အခုလိုမျိုး Meta ကုမ္ပဏီပိုင် WhatsApp နဲ့ ယူကရိန်းစစ်မြေပြင်မှာ ရုရှားစစ်သားတွေ သုံးစွဲမှု များပြားတဲ့ တယ်လီဂရမ် အပေါ် ကန့်သတ်မှုတွေကို ပြီးခဲ့တဲ့နှစ်ကတည်းက စတင်ပြုလုပ်ခဲ့တာပါ။
အဲဒီ ပြည်ပကုမ္ပဏီပိုင် ပလက်ဖောင်းတွေဟာ အကြမ်းဖက်မှုနဲ့ လိမ်လည်မှုဆိုင်ရာ အမှုအခင်းတွေမှာ တာဝန်ရှိသူတွေကို သတင်းအချက်အလက်ပေးဖို့ ငြင်းဆန်လေ့ရှိတယ်ဆိုပြီး ရုရှားဘက်က စွပ်စွဲထားပါတယ်။
Amnesty လိုမျိုး လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့တွေကတော့ ကရင်မလင်ရဲ့ လုပ်ရပ်ဟာ ပြည်သူတွေအပေါ် စောင့်ကြည့်နိုင်စွမ်းနဲ့ ထိန်းချုပ်နိုင်စွမ်းကို တိုးမြှင့်ချင်တယ်ဆိုတာ သိသာလွန်းတယ်ဆိုပြီး တုံ့ပြန်ထားကြပါတယ်။
၂၀၂၅ ဒီဇင်ဘာလကတည်းက ရုရှားပြည်သူအများစုဟာ WhatsApp ကို VPN ခံပြီး အသုံးပြုနေရတာ ဖြစ်ပါတယ်။
တချိန်တည်းမှာ ရုရှားအစိုးရက Twitter၊ Facebook နဲ့ Instagram စတဲ့ လူမှုကွန်ရက်တွေကို ပိတ်ပင်ထားတဲ့အပြင် Apple ရဲ့ FaceTime နဲ့ YouTube လိုမျိုး ဝန်ဆောင်မှုတွေမှာပါ ကန့်သတ်ချက်တွေ တိုးမြှင့်ထားပါတယ်။
Source: Reuters










