
ယူကရိန်းပဋိပက္ခမှာ တမျိုးသားလုံး စည်းလုံးညီညွတ်ကြဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။
ရုရှားနိုင်ငံရဲ့ အောက်လွှတ်တော် ရွေးကောက်ပွဲမတိုင်မီ ကျင်းပတဲ့ ရုရှားနိုင်ငံရဲ့ အာဏာရ ‘ယူနိုက်တက်ရုရှား’ ပါတီ ညီလာခံကို ရုရှားသမ္မတ ဗလာဒီမာပူတင်က သြဂုတ် ၂၂ ရက်မှာ တက်ရောက်ရာမှာ ပြောကြားသွားတာပါ။
ပူတင်က “ရုရှားစစ်သားတွေနဲ့ အရာရှိတွေရဲ့ ရဲစွမ်းသတ္တိတွေအပေါ်မှာ၊ အောင်ပွဲအတွက် ပံ့ပိုးကူညီဖို့ သူတို့ရဲ့နေရာမှာ တာဝန်သိသိနဲ့ လုပ်ဆောင်ပေးသူတိုင်းရဲ့အပေါ်မှာ အခုအချိန်မှာတော့ ကျနော်တို့ရဲ့ စည်းလုံးညီညွတ်မှုက အများကြီး မူတည်နေပါတယ်။ ကျနော်တို့ရဲ့ စစ်သားတွေက ကျနော်တို့ကို စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ ကျနော် ယုံကြည်ပါတယ်”လို့ ပြောပါတယ်။
ပူတင်က ရွေးကောက်ပွဲမတိုင်မီ ယူနိုက်တက်ရုရှားပါတီကို ချီးကျူးခဲ့ပြီး နောက်လရွေးကောက်ပွဲမှာ ပါတီအောင်မြင်မှုအတွက် ဆုတောင်းပေးခဲ့တယ်လို့လည်း ပြောပါတယ်။
ယူနိုက်တက်ရုရှားပါတီဟာ ၂၀၀၁ ခုနှစ်မှာ ပါတီတည်ထောင်ချိန်ကတည်းက ပူတင်ကို ခိုင်ခိုင်မာမာ ထောက်ခံခဲ့ပေမဲ့ ပူတင်လောက် လူကြိုက်များမှုမရှိခဲ့ပါဘူး။
ပူတင်ကလည်း ပါတီညီလာခံမှာ မိန့်ခွန်းပြောချိန်မှာ ယူကရိန်းအပေါ် ပြင်းထန်တဲ့ သဘောထား တရပ်ကို ပြောခဲ့ပြီး ရုရှားအပေါ် ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေက ရှေ့တန်းမှာ ယူကရိန်း အစိုးရအတွက် အခြေအနေ ယိုယွင်းလာလို့ဖြစ်တာလို့ ပူတင်က ပြောပါတယ်။
Source: Reuters











