DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ဧည့်စာရင်း စီမံခန့်ခွဲမှုစနစ် အသုံးပြုပြီး လူထုကို ခြေရာခံ
DVB
·
February 13, 2026
စစ်ကောင်စီက ဧည့်စာရင်း စီမံခန့်ခွဲမှုစနစ် အသုံးပြုပြီး လူထုကို ခြေရာခံ
Donate to DVB

စစ်ကောင်စီလက်အောက်ခံ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ညွှန်ကြားချက်နဲ့ ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ တည်းခိုသူတွေရဲ့ အချက်အလက်တွေကို ရယူပြီး နောက်ကြောင်းကို အလွယ်တကူလိုက်နိုင်တဲ့ ဧည့်စာရင်း စီမံခန့်ခွဲမှုစနစ် - Guest List Management System (GLMS) ကို စပြီး ကျင့်သုံးနေပါတယ်။ 

ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက ဧည့်စာရင်း စီမံခန့်ခွဲမှုစနစ် GLMS စနစ် အသုံးပြုနည်း လမ်းညွှန်ကို အခု ဖေဖော်ဝါရီလအတွင်းမှာ မိတ်ဆက်ပြီး နောက်ပိုင်းမှာ နိုင်ငံတဝန်းက ဟိုတယ်နဲ့ တည်းခိုခန်းတွေ အားလုံး အွန်လိုင်းကနေ ဧည့်စာရင်းတိုင်ရတော့မှာ ဖြစ်ပါတယ်။

GLMS စနစ်ထဲမှာတော့ တည်းခိုသူရဲ့ အမည်၊ အသက်၊ အဘအမည်၊ မွေးနေ့၊ မှတ်ပုံတင်အမှတ်၊ တည်းခိုမဲ့သူရဲ့ အခန်းနံပါတ်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ်နဲ့ အီးမေးလ် လိပ်စာတွေကို အပြည့်အစုံ ဖြည့်ပေးရမှာ ဖြစ်ပါတယ်။

အဲဒီ GLMS စနစ်ဟာ National Data Base EID ကို ချိတ်ထားပြီး စစ်ကောင်စီက အလိုရှိနေသူတွေ၊ နာမည်စာရင်းပေါက်နေသူ၊ Blacklist စာရင်းပေါက်နေသူတွေကို ရှာဖွေစစ်ဆေး အတည်ပြုဖမ်းဆီးနိုင်တော့မှာ ဖြစ်ပါတယ်။

တခြားနိုင်ငံတွေမှာတော့ ခရီးသွားတွေရဲ့ လုံခြုံရေးအတွက် GLMS စနစ်ကို အရင်ကတည်းက အသုံးပြုနေကြပြီး မြန်မာနိုင်ငံမှာတော့ စစ်ကောင်စီက သူတို့ရဲ့ စောင့်ကြည့်ရေးအတွက် ဒီစနစ်ကို အသုံးပြုမှာဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။

Access Now အဖွဲ့မှ အာရှပစိဖတ်ဒေသဆိုင်ရာ လေ့လာဆန်းစစ်သူ မဝေဖြိုးမြင့်က “ကာကွယ်ဖို့အတွက်ကို အဓိကသုံးချင်တာ မဟုတ်ဘူးပေါ့နော်။ လူထုကို စောင့်ကြည့်တဲ့ဟာပေါ့။ ဒီ ဗမာပြည်မှာ ဘယ်သူတွေ ဘယ်နေရာရောက်နေတယ်၊ ဘယ်သူတွေ သွားလာနေကြတယ်၊ ဘယ်သူကတော့ ဘယ်ဟိုတယ်မှာ တည်းနေတယ်ဆိုတာ အချိန်နဲ့တပြေးညီ စောင့်ကြည့်လို့ရတဲ့ စနစ်မျိုး ဖြစ်လာတယ်လို့ ပြောလို့ရတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး တရားစွဲဆိုခံထားရတဲ့သူတွေ၊ ပြေးနေရတဲ့သူ၊ ရှောင်တိမ်းနေရတဲ့သူတွေကို ပိုပြီးတော့ တားဂတ်ထားတယ်ပေါ့။ ဒီစနစ်ကနေပြီး ထိန်းသိမ်းနိုင်တယ်၊ ဖမ်းဆီးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်တာကို ကျမတို့ မြင်ရတယ်” လို့ ပြောပါတယ်။

GLMS စနစ်အတွင်းကို တည်းခိုသူရဲ့ ကိုယ်ရေးအချက်အလက် ဖြည့်လိုက်တဲ့အခါ သူ့ရဲ့နောက်ကြောင်း အားလုံးကို လိုက်နိုင်ပြီး အလွယ်တကူ ဖမ်းဆီးခံရနိုင်တဲ့အတွက် CDM တွေ အနေနဲ့ သေချာ သတိထားသွားလာကြဖို့ ပညာရှင်တွေက အကြံပေးကြပါတယ်။

လက်ရှိမှာတော့ ဟိုတယ်၊ တည်းခိုခန်းတွေ အနေနဲ့ ဧည့်စာရင်းတိုင်တဲ့အခါ စာရွက်ထုတ်ပြီး သက်ဆိုင်ရာ မြို့နယ်ရဲ့ စစ်တပ်၊ ရဲစခန်း၊ မြို့နယ်လုံခြုံရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့၊ စည်ပင်ဌာန၊ ရပ်ကွက်အုပ်ချုပ်ရေး စတဲ့ ဌာနတွေကိုလည်း ပေးပို့ရတယ်လို့ ဆိုပါတယ်။

လူဝင်မှုကြီးကြပ်ရေးဌာနက ဖွင့်ထားတဲ့ အီးမေးလ်လိပ်စာနဲ့ GLMS စနစ်မှာ အသုံးပြုဖို့ ဖွင့်ထားတဲ့ အီးမေးလ်လိပ်စာတို့ကိုလည်း ပို့ပေးရတယ်လို့ သိရပါတယ်။

GLMS စနစ် စတင်အသုံးပြုတဲ့ ဟိုတယ်နဲ့ တည်းခိုခန်း တချို့ကတော့ နည်းပညာအားနည်းချက်ကြောင့် သေချာအသုံးမပြုတတ်တဲ့ အခက်အခဲတွေ ရှိတယ်လို့ တည်းခိုခန်းပိုင်ရှင်တယောက်က ပြောပါတယ်။

“သူ Typing လုပ်ရတဲ့ဟာတွေက များတာပေါ့နော်။ ဒါပေမဲ့ နောက်ပိုင်းကျရင်တော့ လွယ်တော့ လွယ်သွားမယ်ထင်တယ်။ နေ့တိုင်းတိုင်နေရင်တော့ Use to ဖြစ်သွားမယ်။ အခု သူတို့ကတော့ အကုန်ဖြန့်ပေးတယ်၊ owner တွေဘက်က မသုံးတတ်ကြတာရှင့်။ တည်းခိုခန်းသေးသေးလေးတွေ ဖွင့်ထားကြတော့ တချို့က ကွန်ပျူတာမရှိဘူး။ ဖုန်းတွေနဲ့ကျတော့ မလုပ်တတ်ကြဘူး။ အဲလိုလေးတွေရှိတော့ စာရွက်နဲ့ပဲ အားသန်ကြတာပေါ့လေ။ သူက အဲ့တခုတည်းလည်း မဟုတ်ဘူး၊ အဲဒါတိုင်ပြီးရင်လည်း စာရွက်နဲ့က ပို့ရသေးတယ်ရှင့်။”

စစ်ကောင်စီဟာ ဟိုတယ်နဲ့ တည်းခိုခန်းတွေရဲ့ လုံခြုံရေးကို အထူးတင်းကျပ်ထားပြီး ဧည့်စာရင်း မဖြစ်မနေ တိုင်ကြားခိုင်းတဲ့အပြင် ညအချိန်တွေမှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးတာတွေလည်း မကြာခဏ ကြုံနေရတယ်လို့ တည်းခိုခန်းပိုင်ရှင်တွေက ပြောကြပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013