
မြန်မာစစ်တပ်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး ချင်းလူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ (CHRO) ရဲ့ တိုင်တန်းချက်ကို တီမောလက်စတေနိုင်ငံက အမှုလက်ခံလိုက်တာဟာ မြန်မာစစ်တပ်အတွက် “Comfort Zone” တခု ပျောက်ဆုံးသွားတာလို့ တရားလိုအဖွဲ့က ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် လေတပ်စစ်ဦးစီးချုပ်၊ စကထမှူး၊ တိုင်းမှူး၊ ဗျူဟာမှူးကနေ တပ်ရင်းမှူး အဆင့်ထိ စစ်တပ်အရာရှိတွေဟာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတဲ့အကြောင်း CHRO က ဇန်နဝါရီလမှာ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
ဒီတရားစွဲဆိုထားမှုကို တီမောလက်စတေ အစိုးရရှေ့နေရုံးက ဖေဖော်ဝါရီ ၂ ရက်မှာ စတင် လက်ခံလိုက်ပါတယ်။
ဒါ့အပြင် လက်ရှိမှာ တီမောနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် ဖြစ်လာတဲ့အတွက် အာဆီယံ အစည်းအဝေးတွေမှာ စစ်တပ်ကို အကာကွယ်ပေးလိုတဲ့ တခြားနိုင်ငံတွေကို ဟန့်တားနိုင်သလို ၂၀၂၉ ခုနှစ်မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူနိုင်ခြေတွေကြောင့် မြန်မာ့အရေးကို အဓိကထား ကိုင်တွယ်လာလိမ့်မယ်လို့ CHRO ဘက်က မျှော်လင့်ထားတာပါ။
CHRO ပြောခွင့်ရသူ ဆလိုင်းမန်ဟရဲလျန်က “ဒီ အာဆီယံက စစ်ခေါင်းဆောင်တွေအတွက် တကယ့်ကိုသက်တောင့်သက်သာရှိတဲ့ နေရာပေါ့နော်။ ဒီလို တရားစွဲဆိုမှုတွေ ခံလိုက်ရတဲ့အတွက် သူတို့အတွက်တော့ တကယ့်ကို ခြောက်လှန့်စရာ ဖြစ်တယ်လို့ ကျနော်ကတော့ ယုံကြည်တယ်။ ဘာလို့လဲဆိုတော့ သူတို့ သက်တောင့်သက်သာဖြစ်တဲ့ နိုင်ငံမှာတင် ဒီလို ဖမ်းဆီးနိုင်တဲ့သူတွေ ပေါ်ပြီလားဆိုတဲ့ဟာကတော့ တကယ့်ကို သူတို့ကို ရိုက်ခတ်မှုပေးတယ်။ ပြီးရင်တော့ တတိယနိုင်ငံတွေထက်စာရင် ပိုပြီးတော့လည်း အမှုက ပိုပြီးတော့ သက်ရောက်မှုရှိတယ်။ ဘာလို့လဲဆိုတော့ ဒီ တီမောလက်စတေနိုင်ငံရဲ့ တရားရုံးကလည်း နိုင်ငံတကာအဆင့်မှာရှိတဲ့ တရားရုံး ဖြစ်နေတယ်ဆိုတဲ့ဟာကို ကျနော်တို့ သိရှိရတာပေါ့နော်” လို့ ပြောပါတယ်။
ဒီအမှုမှာ စစ်ခေါင်းဆောင်တွေသာမက မြေပြင်ကွပ်ကဲတဲ့ တိုင်းမှူး၊ ဗျူဟာမှူးနဲ့ အောက်ခြေအဆင့်ထိ တရားစွဲဆိုတာဟာ နိုင်ငံတကာဥပဒေအရ “အထက်အမိန့်ကြောင့် လုပ်ရတယ်” ဆိုတဲ့ ဆင်ခြေကို ပိတ်ပင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ဒီလို တရားစွဲဆိုမှုတွေကို မြန်မာစစ်တပ်ထဲမှာတော့ ဝါဒဖြန့်မှုတခုအဖြစ်သာ ရှုမြင်လေ့ရှိတဲ့အကြောင်း မြန်မာ့စစ်ဖက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) မှ CDM ဗိုလ်မှူးနောင်ရိုးက ပြောပါတယ်။
“ဆန့်ကျင်ဘက်အဖွဲ့တွေက လုပ်ကြတာဆိုတဲ့ အမြင်မျိုး၊ အစွဲမျိုး၊ အယူအဆမျိုး ရှိတယ်ပေါ့နော်။ ပြီးတော့လည်း ဒီလိုမျိုး တရားစွဲဆိုမှုတွေကလည်း မြေပြင်မှာ အကောင်အထည်ဖော် အရေးယူ အပြစ်ပေးနိုင်ခြင်း မရှိတာတွေလည်း ပါတာပေါ့။ ဒါကြောင့် လက်ရှိ တီမောမှာ စွဲဆိုတဲ့ဟာကလည်း စစ်ကောင်စီတပ်အတွင်းမှာတော့ အများကြီးလည်း သက်ရောက် ဖိအားဖြစ်စေလိမ့်မယ်လို့တော့ ကျနော်တို့ မယူဆပါဘူးဗျာ။”
နိုင်ငံရေးလေ့လာသူတယောက်ကတော့ တီမောက အမှုလက်ခံလိုက်တာကို ကြိုဆိုပေမဲ့ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ အလားတူ ကြိုးပမ်းမှုတွေ ရှိခဲ့ဖူးတာကို ထောက်ပြပါတယ်။
အာဆီယံနိုင်ငံအချင်းချင်း မစွက်ဖက်ရေးမူဝါဒနဲ့ သံတမန်ရေး ဖိအားတွေကြောင့် ပယ်ချခဲ့တဲ့ သာဓကတွေ ရှိခဲ့ဖူးတယ်လို့ သူကဆိုပါတယ်။
“ဆိုတော့ အမှုလက်ခံလိုက်ပြီ ဆိုတာနဲ့ တရားစွဲဆိုမှု စပြီလို့ ပြောရတော့ ခက်တာပေါ့။ ဒါ နောက်ပိုင်းမှာ ဖြစ်လာမဲ့ နိုင်ငံခြားရေးဆိုင်ရာ စိန်ခေါ်မှုတွေ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ ဒီ တနိုင်ငံနဲ့ တနိုင်ငံ ဝင်မစွက်ဖက်ရေးမူ ဆိုတာကလည်း ရှိနေတဲ့အခါမှာ ဘယ်အတိုင်းအတာလောက်ကို ကျော်လာရင် ဒါ အာဆီယံနိုင်ငံအချင်းချင်းရဲ့ ပြည်တွင်းရေးကို ဝင်ပြီးတော့ စွက်ဖက်တယ် ဆိုတာမျိုးကို အဓိပ္ပာယ် ပြန်နိုင်မလဲဆိုတဲ့ ဒီစည်းကို ကျော်မိမလားပေါ့။ ဒါကိုလည်း စဉ်းစားစရာရှိတာပေါ့။”
ဒါကြောင့် လက်ရှိ တီမောလက်စတေရဲ့ ခြေလှမ်းဟာ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံကြောင်း ပြသတဲ့ နိုင်ငံခြားရေးမူဝါဒ သက်သက်လား၊ ဒါမှမဟုတ် တကယ်ပဲ အာဆီယံရဲ့ “ဝင်မစွက်ဖက်ရေး” စည်းကို ကျော်လွန်မိမှာလား၊ ဒါမှမဟုတ် ဘယ်လိုနည်းလမ်းနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်နိုင်မလဲ ဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
စိုးသူအောင်










