
ချင်းလူ့အခွင့်အရေးအဖွဲ့က မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ကို စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စွပ်စွဲထားတဲ့အမှုအတွက် တီမောလက်စ်တေ နိုင်ငံရဲ့ တရားရုံးကို တရားဝင် အမှုတင်သွင်းလိုက်ပြီလို့ တရားစွဲ အဖွဲ့အစည်းတွေက မေလ ၄ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
ဒီအမှုဖိုင်တွဲကို ဖေဖော်ဝါရီလမှာ စတင်ခဲ့တဲ့ လုပ်ငန်းစဉ်တွေအပြီးမှာ တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ဖို့အတွက် တီမောနိုင်ငံမြို့တော် ဒီလီမြို့ရှိ ပထမအဆင့် တရားရုံးကို တရားဝင် တင်သွင်းလိုက်ပြီလို့ ဆိုပါတယ်။
ဒါဟာ အခုနှစ် ဇန်နဝါရီလမှာ စတင်ဆောင်ရွက်ခဲ့တဲ့ ဒီအမှုနဲ့ပတ်သက်လို့ နောက်ထပ် အဆင့်တခုကို ရောက်လာတာလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ညွှန်ကြားရေးမှူး ဆလိုင်းဇအုပ်လိန်းက ပြောပါတယ်။
“သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ စုံစမ်းစစ်ဆေးမှုကို ခံနေရပြီးဖြစ်တဲ့ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်အပေါ် စုံစမ်းစစ်ဆေးမှုတခု စတင်ပေးဖို့ဆိုတဲ့ ရိုးရှင်းတဲ့ ခြေလှမ်းကို လှမ်းပေးဖို့ တီမောအာဏာပိုင်တွေကို ကျနော်တိုက်တွန်းပါတယ်။”
စစ်အာဏာရှင်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကြီးအကျယ် ကျူးလွန်ခြင်းခံနေရတဲ့ ချင်းလူမျိုးတွေအနေနဲ့ မုဒိမ်းကျင့်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ အရပ်သားတွေအပေါ် ခွဲခြားမှုမရှိဘဲ တိုက်ခိုက်မှုတွေလိုမျိုး ဆိုးရွားတဲ့ရာဇဝတ်မှုတွေခံစားခဲ့ရတဲ့ သမိုင်းကြောင်းတူညီတဲ့ တီမောပြည်သူတွေရဲ့ ထောက်ခံမှုကို မျှော်လင့်နေပါတယ်လို့လည်း ပြောပါတယ်။
ချင်းပြည်နယ်အတွင်း စစ်အာဏာရှင်တပ်တွေ ကျူးလွန်ခဲ့တဲ့ ဆိုးရွားလှတဲ့ ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ အဓိကတာဝန်ရှိတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
အဆိုပါ ရာဇဝတ်မှုတွေထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက်ကို ခင်ပွန်းဖြစ်သူရဲ့ ရှေ့မှောက်မှာ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု၊ သတင်းထောက်တယောက်နဲ့ ၁၃ နှစ်အရွယ် ကလေးငယ် တယောက် အပါအဝင် လူ ၁၀ ယောက်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ဒီအထဲက ၈ ယောက်ဟာ လက်ကို နောက်ပြန်ကြိုးတုပ်ပြီး လည်လှီးသတ်ဖြတ်ခံခဲ့ရမှု၊ ခရစ်ယာန်သိက္ခာတော်ရဆရာတော် တပါးနဲ့ သင်းထောက် ၃ ပါးတို့ကို တမင်ရည်ရွယ် သတ်ဖြတ်မှု၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်း ၄ ယောက်နဲ့ လူနာ ၄ ယောက် သေဆုံးခဲ့ရတဲ့ ဆေးရုံတတရုံကို လေကြောင်းမှ တိုက်ခိုက်မှု၊ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ အရပ်ဘက်နေရာတွေကို တိုက်ခိုက်မှုတွေ ပါဝင်ပါတယ်။
ဒီအမှုရဲ့ ဦးဆောင်ရှေ့နေဖြစ်တဲ့ တီမောဥပဒေလုပ်ငန်း Da Silva Teixeira & Associados မှ ဟိုဆေးတေရှဲရားက “စုံစမ်းစစ်ဆေးမှုဖွင့်လှစ်ဖို့ ဥပဒေကြောင်းအရ တာဝန်ရှိနေပြီး တရားရုံးကလည်း ဒီအတိုင်း ဆုံးဖြတ်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ရှင်းရှင်းလင်းလင်း ပြောရရင် ဂျီနီဗာအခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) လို အဖွဲ့အစည်းမျိုးတွေဟာ မင်းအောင်လှိုင်အပေါ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ဖြစ်တာကြောင့် ဒီအမှု ရှေ့ဆက်တဲ့အခါမှာလည်း ကူညီပံ့ပိုးပေးဖို့ အဆင်သင့်ရှိနေပါတယ်။ ဒါကြောင့် ဒီလိုစုံစမ်းစစ်ဆေးမှုမျိုးဟာ တီမောလက်စတေးရဲ့ တရားစီရင်ရေးစနစ်အပေါ် ဖိအားသိပ်ရှိမှာမဟုတ်ပါဘူး”လို့ ပြောပါတယ်။
ဒီအမှုမှာ ချင်းလူ့အခွင့်အရေးအဖွဲ့တွေဘက်က ကူညီဆောင်ရွက်ပေးနေတဲ့ Myanmar Accountability Project ရဲ့ ညွှန်ကြားရေးမှူး ခရစ္စဂန်းနက်စ်ကလည်း ဒီအာဏာရှင်ဟာ သမ္မတအိမ်တော်မှာ ရှိနေရမှာမဟုတ်ဘဲ ထောင်ထဲမှာပဲ ရှိနေရမှာလို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။
“ဒီအမှုဟာ မြန်မာနိုင်ငံက အခြေအနေတွေ ဘယ်လောက်အထိ အဓိပ္ပာယ်မဲ့နေသလဲဆိုတာကို ဖော်ပြနေပါတယ်။ အာဏာရှင် မင်းအောင်လှိုင်ဟာ သူကိုယ်တိုင် စီစဉ်ထားတဲ့ အတုအယောင် ရွေးကောက်ပွဲတွေအပြီးမှာ သူ့ကိုယ်သူ မြန်မာနိုင်ငံရဲ့ တရားဝင်ခေါင်းဆောင်ဖြစ်သယောင် ကမ္ဘာကို လှည့်စားဖို့ ကြိုးစားနေပြီး သူ့ရဲ့ တရားမဝင်စစ်ကောင်စီနဲ့ ဆက်ဆံရေးတွေ ပုံမှန်ပြန်ဖြစ်ဖို့ အစိုးရတွေကို တောင်းဆိုနေပါတယ်။ အမှန်တရားကတော့ မင်းအောင်လှိုင်ဟာ အလိုရှိနေတဲ့ စစ်ရာဇဝတ်ကောင် တယောက် ဖြစ်တယ် ဆိုတာပါပဲ။ သူ့အပေါ် တရားစွဲဆိုထားတဲ့ အမှုတွေဟာ အာဂျင်တီးနား၊ တူရကီ၊ ဖိလစ်ပိုင်နဲ့ တီမောလက်စတေး စတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပုံနေပါပြီ။ ဒါ့အပြင် သည်ဟိဂ်မြို့က ကမ္ဘာ့အဆင့်မြင့် နိုင်ငံတကာတရားရုံးနှစ်ခုဖြစ်တဲ့ ICC နဲ့ ICJ မှာလည်း သူ့အပေါ် အမှုတွေ ရှိနေပါတယ်။ ICJ မှာတော့ သူ့ရဲ့ ဦးဆောင်မှုအောက်က မြန်မာနိုင်ငံဟာ ရိုဟင်ဂျာလူမျိုးတွေအပေါ် ကျူးလွန်မှုတွေအတွက် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူစာချုပ်ကို ဖောက်ဖျက်မှုနဲ့ စွပ်စွဲခံထားရပါတယ်။”
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က စစ်အာဏာရှင်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုတွေနဲ့ တီမောနိုင်ငံမှာ တရားစွဲဆိုထားမှုကို တီမောအာဏာပိုင်တွေဘက်က လက်ခံစစ်ဆေးဖို့ အစိုးရရှေ့နေတယောက်ကို တာဝန်ပေးထားပါတယ်။
အခုလို တရားစွဲဖို့ကိစ္စ ပေါ်ပေါက်လာပြီးနောက် ရန်ကုန်မြို့အခြေစိုက် တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံ မစ္စတာ အဲလီစီယိုကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ထက် နောက်မကျဘဲ မြန်မာနိုင်ငံကနေ အပြီးအပိုင်ထွက်ခွာဖို့ စစ်အာဏာရှင်ဘက်က အမိန့်ထုတ်လိုက်ပါတယ်။
အခုလို သံရုံးယာယီတာဝန်ခံကို နှင်ထုတ်တာက အနိုင်ကျင့်မှုဖြစ်ကြောင်း လေ့လာသူတွေက ပြောသလို အမှုလက်ခံလိုက်တာက တရားရေးသာဖြစ်ပြီး ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ မဟုတ်ဘူးလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ဘက်က ထောက်ပြပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာလည်း စစ်အာဏာရှင် မင်းအောင်လှိုင်ကို လူမျိုးတုံး သတ်ဖြတ်မှုနဲ့ တရားစွဲဖို့ အသက်ဘေးက လွတ်မြောက်လာတဲ့ ရိုဟင်ဂျာတယောက်နဲ့ အင်ဒိုနီးရှား ထင်ရှားကျော်ကြားသူ ၁၀ ယောက်တို့က လုပ်ဆောင်နေပါတယ်။










