DVB Logo
Home
Lead Story
ငါးနှစ်ကြာ အာဏာလုခဲ့မှု အပြင်းအထန် ရှုတ်ချခံနေရဆဲ
DVB
·
February 4, 2026
ငါးနှစ်ကြာ အာဏာလုခဲ့မှု အပြင်းအထန် ရှုတ်ချခံနေရဆဲ
Donate to DVB

Coup ဆိုသည်ကား ပြင်သစ်စကား ဖြစ်သည့် Coup d’ etat မှ ဆင်းသက်လာခြင်းဖြစ်ပြီး အဓိပ္ပာယ်မှာ “blow of state” နိုင်ငံတော်ကို ဖောက်ခွဲမှုကြီး ဟူ၍ပင် ဖြစ်သည်။ 

ထိုစကား မည်မျှထိ ‌ဆီလျှော်မှု ရှိနေသည်ကို ကုလသမဂ္ဂလူ့အခွင့်အ‌ရေးအကြီးအကဲ ဗော်ကာ တာခ်မှ ထုတ်ပြန်သော ကြေညာချက်ထဲတွင် တွေ့လာရသည်။

၎င်းတို့အုပ်ချုပ်ခဲ့သည့် ငါးနှစ်အတွင်း နိုင်ငံရေးအရ အတိုက်အခံပြုသူများကို နှိပ်ကွပ်ခြင်း၊ လူအမြောက်အမြားကို မတရားဖမ်းဆီးခြင်း၊ အဓမ္မစစ်သားစုဆောင်းခြင်း၊ ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့်ထောက်လှမ်းခြင်းနှင့် လူထု၏ လွတ်လပ်ခွင့်များကို ကန့်သတ်ခြင်း အစရှိသည်တို့သာ အထင်အရှား တွေ့လာခဲ့ရသည်။

ယခုတကြိမ်တွင်လည်း စစ်တပ်သည် ပြည်သူများကို မဲပုံးဆီ အဓမ္မတွန်းပို့ပြီးနောက် ၎င်းတို့၏  အကြမ်းဖက်အုပ်ချုပ်မှုအား အခြေခိုင်အောင်လုပ်ဖို့ ကြိုးစားနေသည့်အတွက်  အရပ်သား အုပ်ချုပ်ရေး ဆိုသည်နှင့် လုံးဝကို ဝေးကွာနေသည်ဟု တာ့ခ်က ပြောကြားခဲ့သည်။

၎င်းက ရွေးကောက်ပွဲလုပ်နေသည့်ကာလ ၂၀၂၅ ဒီဇင်ဘာမှ ၂၀၂၆ ဇန်နဝါရီအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၄၀၈ ကြိမ် ကျူးလွန်ခဲ့ပြီး လူပေါင်း ၁၇၀ သေဆုံးခဲ့သည်ဟု ဆိုသည်။ ရွေးကောက်ပွဲအား နှောင့်ယှက်သည်ဟုဆိုကာ အမျိုးသား ၃၂၄ ဦး၊ အမျိုးသမီး ၈၀ ဦးအား ဖမ်းဆီးခဲ့သည်ဟုလည်း ပါရှိသည်။

မြန်မာပြည်သူများသည် အာဏာသိမ်းမှုကို အကြိမ်ပေါင်းများစွာ ကြုံခဲ့ရပြီးဖြစ်သော်လည်း လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လက်ထက်တွင် အကြမ်းကြုတ်ဆုံး၊ အရက်စက်ဆုံး ဖိနှိပ်မှုများနှင့် ကြုံခဲ့ကြရသည်။

လူထုကို ဗုံးကြဲရသည်မှာ အကုန်အကျများ၍ဆိုကာ နည်းလမ်းသစ်အဖြစ် ပါရာမော်တာ၊ ဂျိုင်ရိုကော်ပတာများပါ တီထွင်လာခဲ့သည်။

ထို့အတွက်လည်း မန္တလေးနန်းတွင်း ဒရုန်းနှင့် တိုက်ခိုက်ခံရပြီးနောက် လူမြင်ကွင်းမှ ပျောက်ဆုံးနေသည်ကိုလည်း သတင်းကောင်းတရပ်အဖြစ် တပြည်လုံးက မျှော်လင့်တကြီး စောင့်မျှော်နေကြသည်မှာလည်း အံ့ဩစရာတော့ မဟုတ်ပေ။

ကိုယ့်ကျင့်သိက္ခာတရား ကင်းမဲ့စွာ အုပ်ချုပ်နေမှု၏ ရလဒ်အဖြစ် တရုတ်၊ ရုရှား ခေါင်းဆောင်များကို အားကိုးအားထား ပြုနေရသည်၊ အကယ်၍ ထိုနိုင်ငံများတွင် ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်သွားက ပြေးကြရဖို့သာ ရှိပေတော့သည် မဟုတ်ပါလား။

တရုတ်သာ ဝင်ရောက်မစွက်ဖက်က မနှစ်ကပင် ထိုအခြေအနေသို့ ဆိုက်ရောက်သွားပြီး ပြည်တွင်းစစ်ကြီး အဆုံးသတ်သွားပေတော့မည်ဟု အားလုံးက သုံးသပ်ထားပြီး ဖြစ်သည်။

မင်း‌အောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ၏ ရှေ့နေချုပ်က ကြိုးပမ်းလျက်ရှိသည်။ ထို့ပြင် အာဂျင်တီးနား၊ တူရကီ၊ ဖိလစ်ပိုင်နှင့် မကြာသေးမီက တီမောလက်စတေ နိုင်ငံတို့တွင်လည်း ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) အရ အမှုဖွင့် တိုင်ကြားထားမှုများ ရှိနေသည်။ ရောမစာချုပ် (Rome Statute) တွင် ပါဝင် လက်မှတ်ရေးထိုးထားသည့် နိုင်ငံများအနေဖြင့်လည်း အပိုဒ် ၁၄ အရ မိမိတို့၏ အခွင့်အရေးကို အသုံးချကာ မြန်မာနိုင်ငံကိစ္စအား ICC သို့ လွှဲပြောင်းတင်ပြကြရန် တိုက်တွန်းသင့်သည်ဟု ဘင်နဒစ် ရော်ဂျာက DVB ဆောင်းပါးတွင် ရေးသားထားသည်။

နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာအပေါ် တာဝန်ပျက်ကွက်လာသည်မှာ ငါးနှစ် တိုင်လာပြီ ဖြစ်သည်။ အနည်းဆုံး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေဖြင့် လက်နက်တင်ပို့ ရောင်းချနေမှုကို ပိတ်ပင်သည့်အဆို ပြဋ္ဌာန်း‌ပေးသင့်လှပေသည်။

မည်သူက ကူညီသည်ဖြစ်စေ၊ မကူညီသည်ဖြစ်စေ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က “ငါတို့ရဲ့ အရိုးနဲ့ အသွေးအသားတို့သည် အာဏာရှင်ကျရှုံးဖို့ ဖြစ်စေရမည်” ဟု သူ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားထားသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အီဗက်ကူပါက မြန်မာပြည်သူများနှင့်အတူ ရပ်တည်သွားမည်ဖြစ်ပြီး လေကြောင်းမှ တိုက်ခိုက်နေမှုများ ရပ်စဲရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဗြိတိန်သည် ပြီးခဲ့တဲ့နှစ်အတွင်း လူပေါင်း ၁ ဒသမ ၄ သန်းကျော်ကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပံ့ပိုးပေးနိုင်ခဲ့ပြီး လူပေါင်း ၁ ဒသမ ၃ သန်းကိုလည်း မရှိမဖြစ်လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ပေးအပ်ခဲ့ကြောင်းနှင့် အဆိုးရွားဆုံး ထိခိုက်ခံစားနေရသူများနဲ့အတူ ဆက်လက်ရပ်တည်ပေးသွားမည်ဟုလည်း ပါရှိခဲ့သည်။

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စ ပင်နီဝေါင်းက အာဏာသိမ်းမှုကြောင့် ဖြစ်ပွားလာရသော အကျပ်အတည်းသည် ယခုထိ လျော့ပါးသွားခြင်း မရှိသေးကြောင်း၊ စစ်တပ်၏ မြန်မာပြည်သူများ အပေါ် ဆက်လက်၍ ရက်စက်ကြမ်းကြုတ်စွာ ပြုကျင့်နေမှုများကို ရှုတ်ချကြောင်း၊ မြန်မာပြည်၏ ကောင်းမွန်သောအနာဂတ် ‌ဖြစ်ထွန်းလာရေးဆိုသည့် မြန်မာပြည်သူများ၏ ဆန္ဒနှင့်အတူ ဆက်၍ ရပ်တည်ပေးသွားမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အလားတူ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး အင်နီတာ အာနန်ကလည်း ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်လာခဲ့သည်။ အီးယူမှ လူသားချင်းစာနာ‌ထောက်ထားမှု အကူအညီအဖြစ် ၂၀၂၆ အတွက် ယူရို ၆၃ သန်း လျာထား သတ်မှတ်ထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

စစ်အုပ်စုက ၎င်းတို့ အာဏာသိမ်းမှု ပြီးမြောက်သွားပြီ၊ အရပ်သားအုပ်ချုပ်ရေးကို လွှဲပြောင်းပေးလိုက်ပြီ ဆိုသော ဇာတ်ထုပ်ကို ကပြလာသော်လည်း အာဆီယံပင် လက်ခံ၍ မဖြစ်သည့် အခြေအနေ ရောက်လာခဲ့သည်။

နိုင်ငံတကာ အစိုးရများက အတုအယောင် ရွေးကောက်ပွဲအား အသိအမှတ်မပြုဟု ပြောဆိုခဲ့ကြသဖြင့် USDP ပါတီသည်လည်း အလိုအလျောက်ပင် ထိုကဲ့သို့  ရွေးကောက်ပွဲမျိုးဖြင့် ဖွဲ့စည်းလာမည့် အလိမ်အညာအစိုးရ fake government  အဖြစ် သက်ဆင်းသွားခဲ့ရပြီ ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ အိမ်တံခါးဝသို့ လက်နက်ကိုင်များ ရောက်ရှိလာပြီး ဖမ်းဆီး ခေါ်ဆောင်သွားပြီဆိုသော သတင်းကို သိရှိလိုက်ကြရသည့် ပြည်သူများသည် အထက်က ဗော်ကာ တာ့ခ် ပြောခဲ့သလို အ‌မှောင်တိုက်ကြီးထဲသို့ ဆွဲခေါ်ခံရတော့မည့်အဖြစ်ကို နားလည်သဘောပေါက် ခဲ့ကြပြီးလည်း ဖြစ်သည်။

၎င်းတို့ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများအတွက် “ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ဘယ်သောအခါမျှ မရှိစေရ” ဟုလည်း လူအခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကလည်း ထုတ်ဖော် ပြောဆိုခဲ့သည်။

မြန်မာပြည်သူပြည်သားများကတော့ ထိုသို့ ဖြစ်လာမည့်ရက်ကို စောင့်မျှော်နေကြပြီလည်း ဖြစ်ပေသည်။

လှစိုးဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013