
၆၈ ကြိမ်မြောက် "ဂရမ်မီ" ဂီတဆုပေးပွဲမှာ နာမည်ကျော်အဆိုတော်တွေ ဖြစ်ကြတဲ့ Bad Bunny နဲ့ Kendrick Lamar တို့က အဓိကဆုကြီးတွေကို အသီးသီး သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။
ဖေဖော်ဝါရီ ၁ ရက်က လော့စ်အန်ဂျလိစ်မြို့မှာကျင်းပခဲ့တဲ့ ဆုပေးပွဲကြီးအတွင်း ICE လ၀ကအေးဂျင့်တွေရဲ့ လုပ်ရပ်တွေကိုလည်း လူသိရှင်ကြား ဝေဖန်ပြောဆိုခဲ့ကြပါတယ်။
လာမဲ့အပတ် Super Bowl ဖိုင်နယ်ပွဲစဉ်မှာ ဖျော်ဖြေရဖို့ရှိနေတဲ့ Bad Bunny က ဂရမ်မီဆု ၃ ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး တနှစ်တာအကောင်းဆုံး တေးအယ်လ်ဘမ်ဆု၊ အကောင်းဆုံး မြို့ပြလက်တင် အယ်လ်ဘမ်ဆုနဲ့ လွှမ်းမိုးမှုအရှိဆုံး ဂုဏ်ပြုဆုတွေရရှိခဲ့ပါတယ်။
Bad Bunnyက “ဘုရားသခင်ကို ကျေးဇူးမတင်ခင် အရင်ဆုံးပြောလိုတာဟာ ICE အဖွဲ့ထွက်သွားဖို့ပါပဲ၊ ကျွန်ုပ်တို့ အရိုင်းအစိုင်းတွေ မဟုတ်ဘူး၊ တိရစ္ဆာန်တွေ မဟုတ်ဘူး၊ တိုင်းတပါးသားတွေ မဟုတ်ဘူး။ ကျွန်ုပ်တို့ဟာ လူသားတွေ ပြီးတော့ အမေရိကန်တွေပါ”လို့ ပြောသွားပါတယ်။
ဒါ့အပြင် ပွာတိုရီကိုနွယ်ဖွား Bad Bunny က Album of the Year ဆုကို အရယူနိုင်ခဲ့တဲ့ ပထမဆုံး လက်တင်အနုပညာရှင်လည်း ဖြစ်လာခဲ့ပါတယ်။
Wildflower နဲ့ တနှစ်တာအကောင်းဆုံး တေးသီချင်းဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဘီလီအိုင်းလစ်ရှ်ကလည်း “ခိုးယူထားတဲ့မြေပေါ်မှာ တရားမဝင်တဲ့သူဆိုတာ မရှိပါဘူး” ဆိုပြီး ဝေဖန်သွားပါတယ်။
တချိန်တည်းမှာ အသက် ၂၆ နှစ်အရွယ် အော်လစ်ဗီယာ-ဒင်းက တက်သစ်စ အနုပညာရှင်ဆုကို ရရှိခဲ့ပြီး မနှစ်ကဆုရှင် ချပ်ပယ်ရိုအန်ကိုယ်တိုင် ချီးမြှင့်ပေးခဲ့တာကို တွေ့ရပါတယ်။
နာမည်ကြီး ဟစ်ဟော့ပ်အဆိုတော် ကန်းဒရစ်လမားကတော့ နောက်ထပ် ဂရမ်မီဆု ၅ ဆုအထိ ထပ်ပေါင်းထည့်နိုင်ခဲ့တဲ့အလျောက် ဂျေဇီးရဲ့ ၂၅ ဆုစံချိန်ကိုပါ ချိုးဖျက်နိုင်ခဲ့ပါတယ်။
ဒါကြောင့် လမား-ဟာ ဂရမ်မီဆု ၂၇ ဆုအထိ ပိုင်ဆိုင်ထားပြီဖြစ်သလို သမိုင်းတလျှောက် ဆုအများဆုံးရတဲ့ ရက်ပ်ပါလည်း ဖြစ်လာခဲ့ပါတယ်။
အဲဒီထဲမှာ SZA နဲ့ တွဲဖက်သီဆိုထားတဲ့ Luther သီချင်းအတွက် တနှစ်တာအကောင်းဆုံး တေးဂီတ ထုတ်လုပ်မှုဆုအပြင် အကောင်းဆုံး ရက်ပ်သီချင်းနဲ့ ရက်ပ်အယ်ဘမ်ဆုတွေအထိ ပါဝင်ခဲ့ပါတယ်။
ထိပ်တန်းရုပ်ရှင်ဒါရိုက်တာ စတီဗင်စပီးလ်ဘာ့ဂ်ကလည်း အမ်မီ(E) ၊ ဂရမ်မီ(G) ၊ အော်စကာ(O) နဲ့ တိုနီ(T) စသဖြင့် ဂုဏ်သိက္ခာကြီးမားတဲ့ ဆု ၄ မျိုးစလုံးကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ EGOT စာရင်းဝင် ဖြစ်လာခဲ့ပါတယ်။
ဒါဟာ သူထုတ်လုပ်ပေးခဲ့တဲ့ "Music By John Williams" မှတ်တမ်းရုပ်ရှင်အရ အကောင်းဆုံးရုပ်ရှင်ဂီတဆု ရရှိခဲ့ပြီးတဲ့နောက် အခုလိုမျိုး အောင်မြင်မှုမှတ်တိုင်အသစ် စိုက်ထူနိုင်ခဲ့တာပါ။
ဂရမ်မီ ဆန်ကာတင်စာရင်းဝင်ခဲ့ပေမဲ့လည်း ဆုလက်မဲ့ဖြစ်ခဲ့ရတဲ့ အနုပညာရှင်တွေထဲမှာ ဂျပ်စတင် ဘီဘာ၊ ဆဘရီနာ ကာပန်တာနဲ့ ဟေလီဝီလီယမ်စ် တို့ ပါဝင်ခဲ့ပါတယ်။
Photo-Courtesy : CBS/Recording Academy/ Reuters











