DVB Logo
Home
မြန်မာသတင်း
ခရစ်ယာန်များအပေါ်ကျူးလွန်သည့် မြန်မာစစ်တပ်၏ရာဇဝတ်မှုများ အစီရင်ခံစာ ဆီးနိတ်လွှတ်တော်ရုံး၌ ထုတ်ပြန်
DVB
·
January 30, 2026
ခရစ်ယာန်များအပေါ်ကျူးလွန်သည့် မြန်မာစစ်တပ်၏ရာဇဝတ်မှုများ အစီရင်ခံစာ ဆီးနိတ်လွှတ်တော်ရုံး၌ ထုတ်ပြန်
Donate to DVB

စစ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ဒီဇင်ဘာလအထိ မြန်မာနိုင်ငံမှာ ခရစ်ယာန်တွေအပေါ် စစ်တပ်ကကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဖော်ပြထားတဲ့ အချက်အလက် အစီရင်ခံစာကို အမေရိကန် ဆီးနိတ်လွှတ်တော်ရုံးခန်းမမှာ Burma Research Institute က ဒေသစံတော်ချိန် ဇန်နဝါရီ ၂၉ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ ဘာသာရေး၊ လူမျိုးရေး ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို နိုင်ငံတကာက စောင့်ကြည့်နေတာဖြစ်ပြီး ကျူးလွန်မှုတွေအတွက် ခိုင်လုံတဲ့ ချေပမှုတွေ ပြုလုပ်နိုင်စရာ မရှိဘူးလို့ အမေရိကန်နိုင်ငံရေးသမားတယောက်က မှတ်ချက်ပေးပါတယ်။

Campaign for a New Myanmar ရဲ့ အမှုဆောင်ဒါရိုက်တာ ဆိုင်မွန်ဘေးလ်နက်စ်က “ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု၊ အဲဒီကိစ္စမှာတော့ မြန်မာစစ်တပ်မှာ တရားသူကြီးတွေဆီကို အမှန်တကယ် ချေပနိုင်မဲ့အရာ မရှိဘူးထင်ပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်ခဲ့တဲ့ ကျူးလွန်မှုတွေကို သေချာမြင်တွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ မြန်မာစစ်တပ်က နိုင်ငံတကာအသိုက်အဝန်းမှာ တရားဝင်မှု တစုံတရာရဖို့ ကြိုးစားနေတာပါ။ ဒီရိုဟင်ဂျာအရေးဟာ ဘယ်နိုင်ငံကမှ သူတို့ကို ပုံမှန်အနေနဲ့ ဘယ်လိုဆက်ဆံရေးကိုမှ လုပ်ဖို့ မဖြစ်နိုင်စေတဲ့ သရုပ်သကန်ကို ဖြစ်စေပါတယ်။ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရုံတင်မကဘူး၊ သူတို့ဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကို မြန်မာနိုင်ငံတွင်းက တခြားလူမျိုးစုတွေအပေါ်မှာ ကျူးလွန်တာတွေအတွက်လည်း အပြစ်ရှိနေတာ” လို့ ပြောပါတယ်။

Burma Research Institute က ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း ရာနဲ့ချီပြီး ဖျက်ဆီးခံခဲ့ရတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဘာသာရေး အဆောက်အအုံတွေ၊ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ အချက်အလက်တွေကို မှတ်တမ်းဓာတ်ပုံတွေနဲ့ အသေးစိတ် ဖော်ပြထားပါတယ်။

အချက်အလက်တွေနဲ့အတူ အမေရိကန်အစိုးရနဲ့ လွှတ်တော်က အရေးယူဆောင်ရွက်တာတွေ ပြုလုပ်ပေးဖို့ အကြံပြုချက်တွေကိုလည်း ဖော်ပြထားပါတယ်။

ရိုဟင်ဂျာအရေးကို နိုင်ငံတကာက အရေးယူဆောင်ရွက်တာတွေ ပြုလုပ်ခဲ့သလို ခရစ်ယာန်တွေအရေးကိုလည်း အမေရိကန်အစိုးရနဲ့ နိုင်ငံတကာတရားရုံးတွေက အရေးယူနိုင်မဲ့ နည်းလမ်းတွေကို ရှာဖွေနိုင်ဖို့အထိ ရည်ရွယ်ထားတယ်လို့ Burma Research Institute တာဝန်ရှိသူ Zo Tum Hmung က ပြောပါတယ်။

“ICJ မှာ အခု ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီးတော့ ကြားနာပွဲလုပ်တယ်၊ အခု ကျနော်တို့ တောင်းဆိုတာကလည်း အဲဒီဟာပဲ။ ကျနော်တို့ ခရစ်ယာန်တွေကိုလည်း အခု တော်တော်လေး ဖိနှိပ်တယ်၊ ဒါကြောင့် အခု ကျနော်တို့တောင်းဆိုနေတယ်။ ကွန်ဂရက်စ်လွှတ်တော် အရေးကြီးတယ်၊ ယူအက်စ်အစိုးရ အရေးကြီးတယ်။ ဒါကြောင့်မို့ အခုထက်ထိက တော်တော်လေး ယူအက်စ်အစိုးရအနေနဲ့ ဒီဟာကို အရေးတကြီးထားတယ်။ ဒါကြောင့်မို့ စစ်အစိုးရအနေနဲ့ကတော့ တကယ်ပဲ စိုးရိမ်စရာဖြစ်လာတယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။”

အမေရိကန် နှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူးဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာရော်ဘင်စတုပ်က “ဘုရားကျောင်း ဘယ်နှကျောင်း ဖျက်ဆီးခံရတယ်၊ လူတွေ ဘယ်လောက်အသတ်ခံခဲ့ရတယ်၊ သင်းအုပ်ဆရာ ဘယ်နှယောက် အကျဉ်းချခံထားရတယ်၊ နေ့စဉ်နဲ့အမျှ မြန်မာပြည်သူတွေ ဘယ်လောက် ဖမ်းဆီးတရားစွဲခံနေရတယ် ဆိုတာတွေ ပြောဖို့ဖြစ်ပါတယ်။ ကျနော်တို့ သူတို့အတွက် ဆုတောင်းပေးနေပါတယ်။ ကျနော်တို့အစိုးရကလည်း ဒီအသံတွေကို နားထောင်ပေးပြီး မြန်မာပြည်က ခရစ်ယာန်တွေကို ခွန်အားထောက်ပံ့ပေးဖို့၊ ဖြေရှင်းတဲ့နည်းလမ်းရှာပေးဖို့ တိုက်တွန်းပါတယ်” လို့ မိန့်ပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်များအသင်း အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာတော်  Lakang Dau Qae က “ကချင်ခရစ်ယာန်တွေဟာ ဒီနေ့ဒီအချိန်အထိ မြန်မာစစ်တပ်တွေရဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရပါတယ်။ တရားမျှတမှု ဒီနေ့ ဒီအချိန်အထိ မရပါဘူး၊ မြန်မာပြည်ဟာ တကယ်ပဲ ဘာသာရေးလွတ်လပ်မှု မရှိပါဘူး။ ဒီအကြောင်းတွေကို ကျနော်တို့ အမေရိကန်အစိုးရဆီကို တိုက်တွန်းပြောဆိုခြင်း ဖြစ်ပါတယ်။ ခရစ်ယာန်တွေကို ညှဉ်းပန်းနှိပ်စက်တာ မလုပ်ဖို့ရန်အတွက် တိုက်တွန်းဖို့ ဒီနေ့ ဆီးနိတ်အဆောက်အအုံမှာ လာပြောပြခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လုပ်ရပ်အားလုံးကို တော်လှန်ရေးအင်အားစုတွေက သတင်းပေးပို့နေတာကြောင့် လွှတ်တော်အမတ်တွေက အချက်အလက်အားလုံး ရရှိနေတာပါ။

အမေရိကန်ပြည်ထောင်စုမှာ သမ္မတထရမ့်ပ်အစိုးရ တက်လာပြီးနောက် ပြည်တွင်းရေး အခြေအနေတွေ ရှုပ်ထွေးခဲ့ပေမဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး လွှတ်တော်တာဝန်ရှိသူတွေရဲ့ သိနားလည်မှုနဲ့ ရပ်တည်ချက်ဟာ ပြောင်းလဲမှုမရှိသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။

ဆိုင်မွန်ဘေးလ်နက်စ်က “မြန်မာစစ်အာဏာရှင်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်တယ်၊ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်တယ်၊ ရိုဟင်ဂျာတွေအပေါ်မှာတင် မကဘဲ မြန်မာပြည်တွင်းက တခြားလူနည်းစု တိုင်းရင်းသား မျိုးနွယ်စုတွေ အပေါ်မှာလည်း ကျူးလွန်နေတယ်ဆိုတာ ကွန်ဂရက်စ်အမတ်တွေက သေသေချာချာ နားလည်ပါတယ်။ သူတို့ဟာ အခုဆိုရင် ဗမာလူမျိုးတွေအပေါ်မှာပါ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ လုပ်နေတာပါ။ ကွန်ဂရက်စ်က မြန်မာနိုင်ငံကို ငွေကြေးထောက်ပံ့မှုတွေ ဆက်ပေးနေတာ မင်းတို့တွေ့မယ်ထင်ပါတယ်။ ဒီလုပ်ရပ်ဟာ ကွန်းဂရက်စ်က မြန်မာစစ်အာဏာရှင်တွေရဲ့ လုပ်ရပ်ကို နားလည်နေပြီး အခက်အခဲကြားမှာ ရုန်းကန်နေရတဲ့ မြန်မာပြည်သူတွေကို ဆက်ကူညီနေမယ် ဆိုတာကို ပြသနေတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး အာဂျင်တီးနားတရားရုံးက စစ်ခေါင်းဆောင် အပါအဝင် စစ်တပ်အရာရှိ ၂၂ ယောက်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သား ၃ ယောက်ကို ၂၀၂၅ ဖေဖော်ဝါရီလဆန်းပိုင်းမှာ ဖမ်းဝရမ်းထုတ်ထားတာပါ။

၂၀၂၄ နိုဝင်ဘာတုန်းက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) မှာ စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုခံထားရပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က အမှုကိုလည်း မြန်မာစစ်တပ်ဟာ ဆက်လက်ရင်ဆိုင်နေရတာပါ။

ICJ တရားရုံးမှာ ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ဟာ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့မှာ ဇန်နဝါရီ ၁၆ ရက်ကနေ ၂၀ ရက်အထိ တကြိမ်၊ ဇန်နဝါရီ ၂၈ ရက်ကနေ ၂၉ ရက်အထိတကြိမ် လျှောက်လဲခဲ့ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013