
ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ဖန်မြို့နယ် မြန်မာနယ်စပ်အနီးမှာ ဇန်နဝါရီ ၂၉ ရက်မနက်က ထိုင်းစစ်တပ်နဲ့ မူးယစ်ဆေးဝါးသယ်ဆောင်သူတွေကြား ပစ်ခတ်မှုတွေရှိခဲ့ပြီး ထိုင်းဘက်က အလောင်း ၂ လောင်းနဲ့ စိတ်ကြွဆေး ၁၃ သိန်း ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ပရက်စ်သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းစစ်တပ် အမှတ် ၃၂၀၇ တပ်ဖွဲ့ နဲ့ ချိုင်းယားနုဖပ်စစ်ကြောင်းက ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ မနေ့မနက် ၁၁ နာရီလောက်က ဖန်မြို့နယ် မွမ့်ပင်ကျေးရွာအုပ်စု ဘန့်နောင်တောဝ်ရွာအနီး တောစပ်မှာ လုံခြုံရေးယူနေစဉ် နယ်စပ်ဘက်ကနေ မတ်စောက်သော တောင်စောင်းအတိုင်း ဆင်းလာတဲ့ လူ ၁၀ ယောက်ခန့်ကို တွေ့ရှိတယ်။ ကျောပိုးအိတ်ကိုယ်စီပိုးထားပြီး တာဝန်ရှိသူတွေက စစ်ဆေးဖို့ ရပ်မိန့်ပေးပေမဲ့ တဘက်က ရပ်မပေးဘဲ သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက ပြန်လည်ပစ်ခတ်ပြီး ၅ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်တယ်၊ အသံတွေငြိမ်သွားတဲ့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဆိုပါနေရာကို နယ်မြေရှင်းလင်းတာမှာ သေဆုံးနေတဲ့ အမျိုးသား ၂ ဦးအလောင်းနဲ့ အိတ် ၁၃ လုံး ပြန့်ကြဲနေတာကို တွေ့ရပါတယ်။ အဆိုပါ အိတ်တွေထဲမှာ စိတ်ကြွဆေးတွေပါရှိပြီး တလုံးလျှင် ၁၀၀,၀၀၀ ကျထည့်ထားတာကြောင့် စုစုပေါင်း ၁,၃၀၀,၀၀၀ ( ၁၃ သိန်း) သိမ်းဆည်းရမိတာလို့ ဆိုပါတယ်။
ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ချင်းဒေါင်း၊ ဝိန်းဟိုင်၊ ဖန်၊ မဲ့အိုင်း စတဲ့ နယ်စပ်မြို့နယ်တွေမှာ ၂၀၂၆ ခု ဇန်နဝါရီ ၁ ရက်မှ ၂၄ ရက်အထိ မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုပေါင်း ၃၇၀ မှုရှိခဲ့ပြီး စိတ်ကြွဆေး ၅,၄၇၉,၈၂၇ ပြား၊ အိုက်စ်ဆေး ၁၇ ဒဿမ ၀၁ ဂရမ်၊ ဟီရိုးအင်း ၁၈၄ ဒဿမ ၀၈ ဂရမ်၊ ဘိန်းစိမ်း ၁၄၇ ဒဿမ ၇၄ ဂရမ်၊ ခေတာမင်း ၂ ဒဿမ ၄၈ ဂရမ် ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းမိုင်ခရိုင်ဝန် နိုင်းနာ့သ်ဖွန်း နရာဒီဆွန်က ဇန်နဝါရီ ၂၉ ရက် မူးယစ်ဆေးဝါးနှိမ်နင်းရေးစီမံချက် အစည်းအဝေးမှာ ပြောပါတယ်။
ဒီလိုအမြောက်အမြား ဖမ်းဆီးရမိတာဟာ မူးယစ်ဆေးဝါးတွေ လျော့နည်းသွားလိမ့်မယ်လို့ မဆို လိုဘူး၊ ထုတ်လုပ်မှုပိုများလာတာဖြစ်တယ်။ ဖမ်းဆီးရမိတဲ့ နေရာတွေဟာလည်း ဝင်ထွက်လွယ်တဲ့ နယ်စပ်တောလမ်းကနေချည်းဖြစ်တယ်။ ဒါကြောင့် မူးယစ်ဆေးဝါးနှိမ်နင်းရေး အရှိန်မြှင့် ဆောင်ရွက်ဖို့၊ နယ်စပ်တောလမ်းလုံခြုံရေးတိုးမြှင့်ပြီး သေချာစောင့်ကြည့်ဖို့ ခရိုင်ဝန်က အစည်း အဝေးမှာ ညွှန်ကြားသွားပါတယ်။
Source - Maesaipress / Chiangmai News










