DVB Logo
Home
မြန်မာသတင်း
မြဝတီမှ ထွက်သွားရန် စစ်ကောင်စီတပ်က အမိန့်ပေးထားသော်လည်း KNA  တပ်များဆက်ရှိနေ 
DVB
·
January 28, 2026
မြဝတီမှ ထွက်သွားရန် စစ်ကောင်စီတပ်က အမိန့်ပေးထားသော်လည်း KNA  တပ်များဆက်ရှိနေ 
Donate to DVB

ကရင်ပြည်နယ်၊ မြို့ဝတီမြို့မှာ ကရင်အမျိုးသားတပ်မတော်(KNA) က မူလနေရာကနေ ထွက်ခွာတာမရှိတဲ့အပြင် ပြည်သူတွေကို ကတိပေးထားတဲ့အတိုင်း မြို့လုံခြုံရေးအတွက် မြို့ပြင်ကနေ လုံခြုံရေးယူပေးထားတယ်လို့ KNA စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မြို့ဝတီမြိုမှာ  ကရင်နယ်ခြားစောင့်တပ် (BGF) အဖွဲ့ကနေ KNA လက်မောင်းတံဆိပ် ပြောင်းလဲခဲ့တဲ့ ကရင်တပ်ဖွဲ့တွေအနေနဲ့  ဇန်နဝါရီ ၂၅ ရက်နောက်ဆုံးထားပြီး မြဝတီမြို့ကနေ ထွက်ခွာဖို့နဲ့  တပ်နယ် ၂ မှာ ပြန်လည်နေထိုင်ဖို့ စစ်ကောင်စီ တပ်မ ၂၂ တပ်မမှူးက ညွှန်ကြားခဲ့ပါတယ်။ 

ဒါပေမဲ့ လက်ရှိမှာ ကရင်အမျိုးသားတပ်မတော်(KNA)က မြို့လုံခြုံရေးအတွက် မြို့ပြင်မှာ လုံခြုံရေး ရယူပေးထားတယ်လို့ KNA စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“လက်ရှိ သူ့နေရာနဲ့ သူတော့ ရှိနေတာပဲ။ ဒါပေမဲ့ မြို့ထဲမှာ သွားလာတာ ဌာနဆိုင်ရာနဲ့ပေါင်းတာကျတော့  KNA က တရားဝင်ခွင့်ပြုထားတာ မရှိသေးဘူးလေ။ အဲဒါကြောင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ရတာပေါ့။ မဟုတ်ရင်  တဖက်နဲ့တဖက် တင်းမာမှုရှိရင် တိုက်ပွဲဖြစ်ရင် ပြည်သူလူထုပဲ ဒုက္ခရောက်မယ်လေ။ မြို့အထဲမှာတော့ မဟုတ်ဘူး၊ ကျနော်တို့က မြို့အပြင်မှာ လုံခြုံရေးယူထားတယ်လေ။ မြဝတီမြို့က ကျနော်တို့က ပြည်သူလူထုကို ကတိပေးထားတယ်လေ၊ လုံခြုံရေးယူပေးဖို့၊ ဘာမှ မဖြစ်ဖို့။ တကယ်လို့ ကျနော်တို့အဖွဲ့ အကုန်လုံး ထုတ်ပြီးတော့ သွားလိုက်မယ်ဆိုရင် မြဝတီမြို့ တခုခုဖြစ်ရင်တော့ ကျနော်တို့နဲ့ မပတ်သက်ဘူးပေါ့။ အပေါ်(စစ်တပ်)နဲ့ အဲဒါလည်း ညှိနှိုင်းနေပါတယ်။”

KNA တပ်ဖွဲ့ဝင်တွေ  မြဝတီမြို့တွင်းကနေ ထွက်ခွာသွားဖို့ ညွှန်ကြားချက်က  ခြိမ်းခြောက်တဲ့ အဆင့်လောက်ပဲရှိလိမ့်မယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

မြဝတီမြို့ခံ တက်ကြွလှုပ်ရှားသူတယောက်က “တပ်ဖွဲ့တွေအနေနဲ့ကတော့ လက်ရှိ မြေပြင်မှာ လှုပ်ရှားသွားလာတာတော့မရှိဘူး။ ဒါပေမဲ့ နေရာကနေ ဖယ်သွားတဲ့ ပုံစံကတော့ မပေါ်ဘူး။ သူတို့က ဆုတ်ခွာသွားတာတော့ မရှိဘူးပေါ့။ သူတို့ ဒီမှာပဲ သူတို့ရဲ့ ဧရိယာထဲမှာပဲ ရှိနေတယ်။ မြို့ပေါ်မှာ အရင်လို သွားလာလှုပ်ရှားတာတွေ မရှိဘူး။ ကျနော် မြင်တာက သူတို့(စစ်တပ်)က ခြိမ်းခြောက်တဲ့ အဆင့်လောက်ပဲ ရှိလိမ့်မယ်။ တကယ်လုပ်ဖို့ဆိုရင် သူတို့အများကြီး စဉ်းစားရမှာလေ”လို့ ပြောပါတယ်။

ဒါ့အပြင် မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်ရင်း တိုက်ခိုက်ခံရရင် မြဝတီမြို့ရဲ့ နေရာ ၁၈ ခုကို လေကြောင်းကနေ ဗုံးကြဲပြီး ပြန်လည်တုံ့ပြန်သွားမယ်လို့  တပ်မ ၂၂ တပ်မမှူးက ပြောပါတယ်။  ဒါကြောင့် နေ့တိုင်း စိုးရိမ်နေပြီး အသင့်အနေအထား ပြင်ဆင်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့ခံတယောက်က “မြဝတီမြို့ပေါ်မှာတော့ လူတွေက ၂၅ ရက်နေ့ ဘာဖြစ်မယ် ညာဖြစ်မယ်ပေါ့။  အခြေအနေ သတိထားပေါ့။ အဲလိုမျိုး လိုင်းပေါ်မှာလည်း ပျံ့နှံနေတယ်။ ဒါပေမဲ့ မြို့ထဲမှာတော့ အေးဆေးပဲ။ သူက ရှုပ်ထွေးတယ်၊ ညှိလို့မရဘူး။ ထူးခြားမှု တခုခုဖြစ်လာမယ် ဆိုရင်တော့ ပြည်သူတွေအတွက် စိတ်ပူရတာပေါ့။ စိုးရိမ်စရာရှိတယ်၊ နေ့တိုင်း စိုးရိမ်ရတယ်၊ စိုးရိမ်စိတ်တွေ အကုန်လုံးက ရှိနေကြတယ်။ အသင့်အနေအထားနဲ့ ပြင်ထားတာတွေလည်း ရှိတယ်။ မကြားသရွေ့ ငြိမ်နေသရွေ့ကတော့ တခုခု မထူးခြားသရွေ့ကတော့ ပုံမှန်ပဲနေ နေတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် NCA အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KLNA(PC) တပ်ဖွဲ့တွေအနေနဲ့ မြဝတီမြို့လုံခြုံရေး ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့  တပ်မ ၂၂ တပ်မမှူးက ပြောထားလို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013