DVB Logo
Home
Lead Story
ICE တပ်ဖွဲ့ ပစ်ခတ်မှုဖြစ်စဉ်က အမှန်တရား ၂ မျိုးနဲ့ အမေရိကန် မီဒီယာမျိုးစုံထဲက မူကွဲကမ္ဘာကြီး
DVB
·
January 26, 2026
ICE တပ်ဖွဲ့ ပစ်ခတ်မှုဖြစ်စဉ်က အမှန်တရား ၂ မျိုးနဲ့ အမေရိကန် မီဒီယာမျိုးစုံထဲက မူကွဲကမ္ဘာကြီး
Donate to DVB

အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုတာပြည်နယ်၊ မင်နီယာပလိစ်မြို့မှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ နှင်းတွေဖွေးဖွေးလှုပ် အေးခဲနေပေမဲ့ ဒေသခံတွေကြားမှာတော့ လတ်တလော ICE ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုနဲ့ ပစ်ခတ်မှု လူသတ်မှု အကြမ်းဖက်မှုတွေနောက်ပိုင်း စိတ်ခံစားမှုတွေနဲ့ သွေးတွေ ပွက်ပွက်ဆူပူနေကြပါတယ်။ အမေရိကတခွင်တပြင်လုံးမှာတော့ ရက်သတ္တပတ် ၃ ပတ်အတွင်း ICE (Law & Order) တပ်ဖွဲ့ရဲ့ ပစ်ခတ်မှုနဲ့ ဖမ်းဆီးမှုတွေကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ လူထုအမြင်မှာ ကမ္ဘာနှစ်ခု၊ အပြိုင်စကြဝဠာနှစ်ခု အမြင်တွေ ကွဲပြားနေသလို ဖြစ်နေပုံရပါတယ်။

မင်နီယာပလိစ်မြို့က အခြေအနေမှာ နိုင်ငံရေး အယူအဆအရ ကွန်ဆာဗေးတစ်နဲ့ လစ်ဘရယ် အမြင်သဘောထား ကွဲပြားမှုတွေသာမက အစိုးရဘက်သား မီဒီယာတခုပဲ ကြည့်တဲ့သူနဲ့ တခြား မီဒီယာတွေကို ကြည့်တဲ့သူကတမျိုးစီ ဖြစ်နေတာကို တွေ့ရနိုင်ပါတယ်။ ရာဇဝင်ထဲက မျက်မမြင် ပုဏ္ဏား ၆ ယောက် စမ်းသပ်မှုမှာ ဆင်တကောင်လုံးက မြွေဖြစ်လိုက်၊ ယပ်တောင်ဖြစ်လိုက်၊ ကြိုးခွေဖြစ်လိုက်၊ နံရံဖြစ်လိုက် ပုံစံအမျိုးမျိုး ဖြစ်နေသလိုမျိုး၊ ကိုယ်အားသန်ရာ မီဒီယာ Channel တခုခုကိုပဲ ကြည့်ပြီး ဘောင်ခတ်ထားတဲ့ "အမှန်တရား" တမျိုးထဲနဲ့ပဲ တယူသန် ကောက်ချက်ချသုံးသပ်နေကြတာကိုလဲ မြင်ရပါလိမ့်မယ်။

မင်နီဆိုတာပြည်နယ်က ICE ဖမ်းဆီးမှု အကြမ်းဖက်မှု ဖြစ်စဉ်တွေမှာ မီဒီယာတွေရဲ့ ဘောင်ခတ်ပုံဖော်မှု အမျိုးမျိုး ကွဲပြားနေသလို အွန်လိုင်းမှာ ပျံ့နှံ့ထပ်ထွက်ပေါ်လာနေတဲ့ မျက်မြင်သက်သေ ဗီဒီယိုဖိုင်တွေကို ပြန်ကြည့်သုံးသပ်ရာမှာလည်း အမြင်မတူကြတာတွေ ရှိပါတယ်။ အစိုးရပြောစကားနဲ့ ဒေသခံအမြင်ကွဲလွဲ နေတာတွေ Fox News ဦးစားပေးတင်ပြပုံနဲ့ တခြား ဒေသခံမီဒီယာတွေ တင်ပြပုံကွာခြားပုံကိုလည်း အလွယ်တကူတွေ့နိုင်ပါတယ်။ ဖယ်ဒရယ်အစိုးရနဲ့ ဒေသခံအာဏာပိုင်တွေရဲ့ တရားဝင် စုံစမ်းစစ်ဆေးချက်တွေနဲ့ မျက်မြင်သက်သေ အထောက်အထားတွေအရ နောက်ဆုံး ဘယ်လိုအဖြေထွက်လာမယ် မသိရသေးပေမဲ့ လတ်တလောလေ့လာကြည့်ရင် ဒီလိုမူကွဲတွေကို အကြမ်းဖျင်းတွေ့ရပါလိမ့်မယ်။

အဲလက်စ်ဂျက်ဖရီပရက်တီ (၃၇ နှစ်) - ဇန်နဝါရီ ၂၄ ရက်နေ့က ပစ်သတ်ခံရသူ အမေရိကန်နိုင်ငံသား

(၁) သူနာပြုလား၊ အကြမ်းဖက်သမားလား

အစိုးရနဲ့ လက်ယာယိမ်း မီဒီယာအဆိုအရ ပြည်တွင်း အကြမ်းဖက်သမားလို့ အစိုးရဘက်က စွပ်စွဲချက်ကို ဦးစားပေး တင်ပြပါတယ်။ သူက ကျည်ကပ်အပို နှစ်ခု၊ ကျည်အပြည့်နဲ့ သေနတ်ကိုင်ဆောင်ထားပြီး ရဲတွေကို ပစ်ဖို့ ချဉ်းကပ်လာသူမို့လို့ အသက်အန္တရာယ် ကာကွယ်ဖို့ ရဲဘက်က ပစ်သတ်လိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

မိသားစုနဲ့ မျက်မြင်ဒေသခံတွေအဆိုအရတော့ သူဟာ အထူးကြပ်မတ်ဆောင်သူနာပြု (ICU-Nurse ) တယောက်။ စစ်မှုထမ်းဟောင်းတွေကို ပြုစုနေတဲ့ သူနာပြု။ ပစ်ခတ်ခံရချိန်က သူ့လက်ထဲမှာ ဗီဒီယိုရိုက်နေတဲ့ ဖုန်းပဲရှိတယ်။ အမျိုးသမီးတယောက်ကို ကာကွယ်ပေးရင်း Pepper-spray မျက်စိထဲကို အဖြန်းခံရတယ်၊ မြေကြီးပေါ်လဲကျပြီး အများနဲ့ ဝိုင်းအချုပ်ခံထားရချိန်မှာ အနီးကပ် ပစ်သတ်ခံရတာ ဖြစ်နေတယ်။  လူမှုကွန်ရက် ဗီဒီယိုတွေအရ စက္ကန့်ပိုင်းအတွင်း သေနတ်သံ ၁၀ ချက် ဆင့်ပြီး ပစ်ခတ်ခဲ့တာကိုလဲ ကြားရနိုင်ပါတယ်။

ရီနေးနီကိုးလ်ဂွတ်ဒ် (၃၇ နှစ်) - ဇန်နဝါရီ ၇ ရက်နေ့က ပစ်သတ်ခံရသူ အမေရိကန်နိုင်ငံသား မိခင်တဦး။

(၂) ရီနေးဂွတ်ဒ်ရဲ့ ကားက ရဲကိုဝင်တိုက်ဖို့လား၊ ရိုးရိုး မောင်းထွက်သွားတာလား

အစိုးရထုတ်ပြန်ချက်တွေအရ ရဲကို ကားနဲ့တိုက်သတ်ဖို့ ကြိုးစားလို့ (Weaponized Vehicle) ရဲက ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ ပစ်ရတာဖြစ်တယ်။ သူဟာ ရဲလုပ်ငန်းကို နှောင့်ယှက်သူ ဖြစ်နေတယ်။

ဒေသခံမီဒီယာနဲ့ မျက်မြင်သက်သေပြောဆိုချက်အရ သူက ရဲတွေနဲ့ ဝေးရာကို မောင်းထွက်ဖို့ ကြိုးစားတာ ဖြစ်တယ်။ ဓာတ်ပုံတွေအရ ကျည်ဆန်ရာတွေက ကားရှေ့တည့်တည့်က မဟုတ်ဘဲ ကားရှေ့လေကာမှန်ထောင့်စွန်းနဲ့ တံခါးဖွင့်ထားတဲ့ ကားဘေးပြတင်းပေါက်ကနေ ရဲက အနီးကပ်ပစ်ထားတယ်။ သူဟာ အကြမ်းဖက်သူ မဟုတ်၊ Observer (လေ့လာစောင့်ကြည့်သူ) သက်သက်လို့ ပြောဆိုနေကြတယ်။

လီရမ်ကိုနေဟိုရာမို့စ် (၅ နှစ်) - ကျောင်းကအပြန် အိမ်ရှေ့မှာ ဖမ်းဆီးခံရတဲ့ အီကွေဒေါ ရွှေ့ပြောင်းကလေးငယ်။

(၃) ကလေးက "ငါးစာ" လား၊ အဖေက ပစ်ထားခဲ့လို့ ရဲဘက်က ကယ်ထားရတာလား

ရဲဘက်က ကြေညာချက်အရဆိုရင် ရဲကိုတွေ့တော့ ကလေးကို စက်မသတ်ရသေးတဲ့ ကားထဲမှာ ပစ်ထားပြီး သူ့အဖေက ထွက်ပြေးလို့ ရဲက ကလေးကို စောင့်ရှောက်ပေးရတယ်။ တရားမဝင်နေထိုင်သူ ကလေးအဖေနဲ့အတူ အကျဉ်းထောင်က မိသားစုအကျဉ်းခန်းထဲ ပို့ပေးရတာဖြစ်တယ်။ ၅နှစ်သားကလေးကို ရဲက တမင်ဖမ်းဆီး ထောင်ချတာမဟုတ်ဘူး။ ဒါက ကလေးအဖေရဲ့ အပြစ်သာဖြစ်တယ်။​  

ဒေသခံမီဒီယာ ကျောင်းအုပ်ကြီးနဲ့ ဒေသခံတွေအဆိုအရ ICE တပ်ဖွဲ့ဟာ ကလေးကို "Bait" (ငါးစာ) အဖြစ်သုံးပြီး အိမ်ထဲက မိခင်ဖြစ်သူ တံခါးဖွင့်ထွက်လာအောင် မျှားခေါ်တာဖြစ်တယ်။ ၅ နှစ်အရွယ် ကလေးကို မိဘနဲ့အတူ ထောင်ထဲထည့်တာဟာ လူ့ကျင့်ဝတ် (Ethics) အရ လက်ခံနိုင်စရာ မရှိဘူး။​

တရားရုံးတွေ၊ စုံစမ်းစစ်ဆေးရေးတွေရဲ့ အပြန်အလှန် စိစစ်မှုတွေနဲ့ စုဆောင်းရရှိတဲ့ သက်သေခံ အထောက်အထားတွေ တရားသူကြီးတွေရဲ့ နောက်ဆုံးအဖြေက ဘယ်လိုထွက်လာမလဲ ဘယ်တော့လဲ ဖယ်ဒရယ်အစိုးရကပဲ ကိုင်မှာလား၊​ ပြည်နယ်အစိုးရက သီးခြားစုံစမ်းဖေါ်ထုတ်မှာလား အသေးစိတ်တွေ မသိရသေးပါဘူး။​ ဒါပေမဲ့ နိုင်ငံရေးအယူ အမြင်မတူတဲ့သူတွေကြားမှာတော့ တဘက်သတ် ဆုံးဖြတ်ချက်ချပြီးသား အဖြေထွက်ပြီးသားလိုမျိုး လူမှုကွန်ယက်မှာ ရေးသားပြောဆိုနေကြတာတွေ ရှိနေပါတယ်။ ICE ရဲတွေဘက်က ထောက်ခံရပ်တည်ပြီး အသတ်ခံရသူကို အပြစ်တင်နေကြတာရှိနေသလို သေဆုံးသူဘက်က ရပ်တည်ပြီး ရဲတပ်ဖွဲ့ရဲ့ ရက်စက်မှုကို ရှုတ်ချကန့်ကွက်နေကြတာတွေနဲ့ အုပ်စုကွဲတွေ အနည်းဆုံး နှစ်မျိုး တွေ့ရပါတယ်။

ရီနေးနဲ့ အဲလက်စ်နှစ်ယောက်လုံးက အမေရိကန်နိုင်ငံသားတွေပါ။ ဒါ့ကြောင့် "ခိုးဝင်" တွေကို ဖမ်းတာမဟုတ်ဘဲ နိုင်ငံသားတွေကိုပါ ပစ်ခတ်တာဟာ နိုင်ငံသားအခွင့်အရေးထိခိုက်မှု ပြဿနာလို့ ဒေသခံတွေက ယူဆပါတယ်။ ဒါကြောင့်လည်း ခိုက်ခိုက်တုန်နေတဲ့ နှင်းတောထဲမှာ မင်နီယာပလိစ် မြို့ခံတွေ ထောင်သောင်းချီပြီး ICE Out ထွက်သွားဆိုတဲ့ ကြွေးကြော်သံတွေနဲ့ စုဝေးချီတက် တောင်းဆိုဆန္ဒပြနေကြပါတယ်။

မင်နီဆိုတာ ပြည်နယ်အုပ်ချုပ်ရေးမှူးတင်မ်ဝါဇ်နဲ့ မင်နီယာပလိစ် မြို့တော်ဝန် ဂျေကော့ဘ်ဖရေးက ICE ကို "ငါတို့ပြည်နယ်က ထွက်သွား" လို့ ပြောတဲ့အထိ ဖြစ်လာပေမဲ့၊ ဖက်ဒရယ်အစိုးရဘက်ကတော့ "Law & Order" ခေါင်းစဉ်နဲ့ ဆက်ပြီး တင်းခံနေတာတွေ့ရပါတယ်။ မင်နီဆိုတာပြည်နယ်မှာ ရွေးကောက်ပွဲ အနိုင်မရခဲ့တဲ့ ရီပတ်ဘလစ်ကင်သမ္မတရဲ့ ဖက်ဒရယ်အစိုးရနဲ့ ဒီမိုကရက် အားကောင်းတဲ့ ပြည်နယ်အစိုးရကြား နိုင်ငံရေးအရ အားပြိုင်မှုရဲ့ ရလဒ်တခုအဖြစ် ရှုမြင်တာတွေလည်း ရှိပါတယ်။ 

မြန်မာပြည်သားတွေအတွက်တော့ ရဲတပ်ဖွဲ့ လမ်းပေါ်မှာ အကြမ်းဖက်ပုံမြင်ကွင်းကို ရင်းနှီးနေမှာပါ။ လုံခြုံရေး တရားဥပဒေစိုးမိုးရေးလို့ ခေါင်းစဉ်တပ်ပြီး နေ့ခင်းကြောင်တောင် လူမြင်ကွင်းမှာ ပစ်သတ်ခွင့်ရှိနေတာလား။ ဆူပူအုံကြွလို့ မင်းမဲ့စရိုက်နဲ့ ရဲလုပ်ငန်းကို နှောင့်ယှက်လို့ဆိုပြီး မည်းမည်းမြင်ရာ ပစ်ခတ်ခွင့်ရှိနေတာလား။ သေဆုံးသူဟာ ပြည်တွင်းအကြမ်းဖက်သမားလို့ အစိုးရဘက်က ခေါင်းစဉ်တပ်လိုက်တာနဲ့ အဲဒီလူတယောက်ဟာ သေသင့်သူတယောက် ဖြစ်သွားပြီလားဆိုတာ ဆင်ခြင်သုံးသပ်ကြည့်ချင်စရာ ဖြစ်ပါလိမ့်မယ်။

နောက်ဆုံး မေးစရာကတော့ ပစ်သတ်ခံရသူ အဲလက်စ်ဂျက်ဖရီပရက်တီကို အပြစ်မရှိတဲ့ သူနာပြုတယောက်လို့ မြင်သင့်လား၊ ထရမ့်ပ်အစိုးရက စွပ်စွဲနေသလို လက်နက်ကိုင် အကြမ်းဖက်သမားလို့ မြင်ရမှာလားဆိုတာပါပဲ။​ ဘယ်အထောက်အထားတွေကို ကိုးကား ဆုံးဖြတ်နေတာလဲဆိုတာက ဘယ်ဘက်က သတင်းမီဒီယာ တင်ပြချက်အပေါ် လက်ခံယုံကြည်ထားတာလဲဆိုတဲ့အချက်ပေါ် မူတည်နေပါတယ်။

လွတ်လပ်စွာ ကွဲလွဲခွင့် ရှိပါတယ်။ အမြင်မတူတာတွေကို မှတ်ချက်ရေးပြီး ဆွေးနွေးနိုင်ပါတယ်။

Ref: -Eyewitness Reports from Minneapolis (Star Tribune, MPR News)

Statements from Mayor Jacob Frey & Gov. Tim Walz

Forensic Analysis of Body Cam Footage (New York Times Visual Investigations)

DHS & ICE Official Press Releases (Jan 2026)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013