DVB Logo
Home
မြန်မာသတင်း
လက်နက်စနစ် ပါဝင်သည့် မောင်းသူမဲ့ လေယာဥ်များ ဝယ်ယူထားဟု လေတပ်ဦးစီးချုပ်ပြော
DVB
·
January 22, 2026
လက်နက်စနစ် ပါဝင်သည့် မောင်းသူမဲ့ လေယာဥ်များ ဝယ်ယူထားဟု လေတပ်ဦးစီးချုပ်ပြော
Donate to DVB

စစ်ပွဲတွေကို ခုခံတွန်းလှန်နိုင်ဖို့နဲ့ ထိထိရောက်ရောက် တိုက်ပွဲဝင်နိုင်ဖို့ အစွမ်းထက်ပြီး လက်နက်စနစ် ပါဝင်တဲ့ မောင်းသူမဲ့ လေယာဥ်တွေကို ဝယ်ယူဖြည့်တင်းထားပြီးဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်က ပြောပါတယ်။

ဒီဇင်ဘာ ၂၁ ရက် မနက်က မိတ္ထီလာမြို့ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်မှာ ပြုလုပ်တဲ့ လေယာဉ်မောင်းသင်တန်းအမှတ်စဉ် ၈၇ ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲ အခမ်းအနားမှာ ပြောပါတယ်။

ဗိုလ်ချုပ်ကြီးထွန်းအောင်က “သမားရိုးကျစစ်ပွဲအပြင် သမားရိုးကျမဟုတ်သော စစ်ပွဲများနှင့် စိန်ခေါ်မှုများကို ခုခံတွန်းလှန်နိုင်ရန် ရည်မှန်းချက်ထားပြီး စွမ်းအားပြည့်၍ ခေတ်မီတပ်မတော်(လေ) ဖြစ်ရေးအတွက် လေယာဉ်၊ ရဟတ်ယာဉ်များအပြင် လက်နက်စနစ် ပါဝင်တဲ့ မောင်းသူမဲ့လေယာဉ်များနဲ့ လက်နက်စနစ်များကို ဝယ်ယူဖြည့်တင်းထားပြီး သုတေသနပြုလုပ်နေတယ်” လို့ ပြောပါတယ်။

သင်တန်းဆင်အရာရှိတွေအနေနဲ့ လက်နက်စနစ် ပါဝင်တဲ့ လေယာဥ်၊ ရဟတ်ယာဉ်တွေကို ကိုင်တွယ် အသုံးပြုရမှာဖြစ်တဲ့အတွက် လေကျင့်သားပြည့်ဝဖို့ လိုပြီး အမိန့်နဲ့ ညွှန်ကြားချက်တွေကို တိကျစွာ လိုက်နာကာ ပျံသန်းရေးတာဝန်များအပြင် ပေးအပ်လာတဲ့ တာဝန်အမျိုးမျိုးကို ထမ်းဆောင်ရာမှာ ဘေးကင်းလုံခြုံဖို့လည်း လိုကြောင်း ပြောပါတယ်။

စစ်တပ်အနေနဲ့ သူ့ကို ထောက်ခံတဲ့ တရုတ်၊ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေက စစ်လက်နက်၊ နည်းပညာနဲ့ လေယာဥ်၊ ဒရုန်းတွေကို ဝယ်ယူဖြည့်တင်းနေတာဟာ ပြည်တွင်းစစ်ကို ပိုမိုရှည်ကြာအောင် လုပ်သလို ဖြစ်နေတယ်လို့ စစ်ရေးလေ့လာသူတယောက်က DVB ကို ပြောပါတယ်။

“စစ်တပ်က အရင်က မြောက်ပိုင်း ၃ ဖွဲ့နဲ့ တော်လှန်ရေးတပ်ကို ခုခံတိုက်ရတာ အခုစစ်တပ်က MNDAA နဲ့ TNLA က တိုက်စရာမလိုတော့ AA ရယ်၊ တော်လှန်ရေးတပ်တွေကို စစ်ရေးအရ အရှိန်မြှင့်ပြီး တိုက်ဖို့ လက်နက်ဝယ်သလို ဖြစ်နေတယ်။ တနည်းအားဖြင့် ပြည်တွင်းစစ်ကို ဆွဲဆန့်လိုက်သလို ဖြစ်နေတယ်။” 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်က နေပြည်တော် လေတပ်စခန်းဌာနချုပ်မှာ ပြုလုပ်တဲ့ ၇၈ နှစ်မြောက် လေတပ်နှစ်ပတ်လည်နေ့မှာ စစ်ခေါင်းဆောင်က Mi 17 အပါအဝင် ဗုံးကြဲလေယာဥ် အစင်း ၃၀ ကို ထုတ်ပြပြီး လေယာဥ်တွေ ထပ်မံဝယ်ယူဖြည့်တင်းသွားမယ်လို့ ပြောဆိုခဲ့တာလည်း ရှိပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက စစ်တပ်က တရုတ်နဲ့ ရုရှားဆီက ဝယ်ယူထားတဲ့ စစ်ဘက်သုံး လေယာဥ်အစင်း ၅၀ ကျော်ရှိပြီလို့  စစ်ရေးလေ့လာသုံးသပ်သူတွေက သုံးသပ်ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013