DVB Logo
Home
မြန်မာသတင်း
ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်၊ စခန်းလက်မလွှတ်ရရေး လေကြောင်းပိုသုံး
DVB
·
January 21, 2026
ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်၊ စခန်းလက်မလွှတ်ရရေး လေကြောင်းပိုသုံး
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်ကတော့ စခန်းတွေ လက်မလွှတ်ရရေးအတွက် လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက် ခုခံနေတယ်လို့ သိရပါတယ်။ 

၂၀၂၅ ခု ဒီဇင်ဘာ ၂၅ ရက်ကစတင်ပြီး တကျော့ပြန်ဖော်ဆောင်လိုက်တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲက ပြီးခဲ့တဲ့အပတ်မှာ တိုက်ပွဲတွေ ငြိမ်သက်နေခဲ့ပေမဲ့ ဇန်နဝါရီ ၁၄ ရက် မနက်ကစတင်ပြီး ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက တဖန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

KIA က စစ်ကောင်စီတပ်တွေ အခိုင်အမာတပ်စွဲထားတဲ့ စကခ ၂၁၊ ခလရ ၄၇၊ ထောက်ပို့တပ် ၉၃၃ စတဲ့ အရေးပါတဲ့ တပ်ရင်းနေရာတွေမှာ စစ်ရှိုန်မြင့်တင်ပြီး တပြိုင်နက် တိုက်ပွဲဖော်ဆောင်နေတာကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။

ရှေ့တန်းသတင်းရင်းမြစ်က “ဗန်းမော်က တိုက်ပွဲပြင်းထန်နေတာ ၅ ရက်လောက်ရှိလာပြီ။ တိုက်ပွဲက နေ့တိုင်းဆက်ဖြစ်နေတယ်။ KIA ဘက်ကလည်း ထိုးစစ် ပြင်းပြင်းထန်ထန်လုပ်နေတယ်။ ဗန်းမော်မြို့ပတ်ဝန်းကျင်ကို ပြန်ပြီးတိုက်ခိုက်နေတာ ရှိတယ်။ တိုက်ပွဲ စစ်မျက်နှာတွေက ၅ မိုင်ဘက်ခြမ်း၊ ကွန်ပျူတာတက္ကသိုလ်ဘက်ခြမ်း၊ ၂၁ မိုင် ပတ်ဝန်းကျင် ပတ်ပတ်လည်မှာ တိုက်ပွဲတွေဆက်ပြီး ဖြစ်နေတယ်” လို့ ပြောပါတယ်။

ဗန်းမော်မြို့ကို အခိုင်အမာ ကာကွယ်ပေးထားတဲ့ စီအင်ကျေးရွာရှိ စစ်ကောင်စီတပ်ရဲ့ ၅ မိုင် ကာကင်းစန်းကို KIA ပူးပေါင်းတပ်တွေက ဇန်နဝါရီ ၁၅ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ချ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၂၀ ခန့် ရှိတယ်လို့ သိရပါတယ်။

ဗန်းမော်မြို့တွင်းတိုက်ပွဲ ဆက်လက်တိုက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပါ အပြင်းအထန်ခုခံနေတယ်လို့ ဗန်းမော်ပတ်ဝန်းကျင်က ဒေသခံတယောက်က ပြောပါတယ်။

“ကြားရသလောက်က KIA ဘက်က နေ့စဉ်ထိုးစစ်တွေလုပ်နေတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ စကစဘက်ကလည်း ပြန်ပြီး ခုခံတာတွေ လေယာဉ်နဲ့ လာကြဲတာတွေ ရှိတယ်။ လေယာဉ်ကတော့ နေ့တိုင်းလာတယ် ဗန်းမော်ပတ်ဝန်းကျင်ကို။ အခုထပ်ပြီးကြားရတာက စစ်ကောင်စီဘက်ကလည်း အရာရှိပိုင်းတွေ ထိခိုက်ကျဆုံးရှိတယ်လို့လည်း ကြားရတယ်။”

ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ရေးကာလ တနှစ်ပြည့်သွားတဲ့ ဒီဇင်ဘာလထဲမှာ တကျော့ပြန်ထိုးစစ် ပြန်လည်ဆင်နွှဲလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ဝက်ပိုင်းအထိ စစ်ရေးအရ စစ်တပ်ရဲ့ အရေးပါတဲ့ စစ်တပ်နေရာတချို့ကို သိမ်းပိုက်ထားနိုင်ခဲ့သလို မြို့တွင်းနေရာအများအပြားကို ထိန်ချုပ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လနောက်ပိုင်း စစ်တပ်က လေကြောင်း၊ ကုန်းကြောင်း စစ်အင်အားဖြည့်တင်းကာ ထိုးစစ်ပြန်လည်ဖော်ဆောင်လိုက်တာကြောင့် KIA ပူးပေါင်းတပ်တွေရဲ့ ထိန်းချုပ်နေရာတချို့ကို ပြန်လည်လက်လွှတ်ခဲ့ရပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ကချင်ပြည်နယ်ထဲမှာ KIA က ဖော်ဆောင်လိုက်တဲ့ တိုက်ပွဲတွေထဲမှာ ဗန်းမော်မြို့သိမ်းတိုက်ပွဲက စစ်ရေးကာလအကြာမြင့်ဆုံးအဖြစ် ရှိလာခဲ့ပါတယ်။ 

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013