
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ကနေ ရွေးကောက်ပွဲဝင်ပြိုင်မဲ့ ပြည်သူ့ပါတီ People's Party အမတ်လောင်းတယောက်ကို ဆိုင်ဘာရဲတပ်ဖွဲ့က အွန်လိုင်းလောင်းကစားမှုနဲ့ ဖမ်းဆီး လိုက်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အသက် ၃၂ နှစ်ရွယ် နိုင်းရာ့ချ်ဖုန်းဆွဲ့ဆုဝမ်းဟာ လွှတ်တော်အမတ်ဟောင်းတယောက် ဖြစ်ပြီး ထိုင်းနိုင်ငံက မကြာခင်ကျင်းပတော့မဲ့ ရွေးကောက်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ဖို့ မဲဆွယ်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ အွန်လိုင်းလောင်းကစားမှုနဲ့ ငွေကြေးခဝါချမှုမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး တရားရုံးရဲ့ ဖမ်းဝရမ်းနဲ့အတူ ဆိုက်ဘာရဲတပ်ဖွဲ့ ( နည်းပညာဆိုင်ရာ -ရာဇဝတ်မှု နှိမ်နင်းရေး ရဲတပ်ဖွဲ့ ) နဲ့ တာဝန်ရှိသူတွေက ဇန်နဝါရီ ၁၄ ရက် ညနေ ၅ နာရီ မိနစ် ၂၀ မှာ ဘန်ကောက် ဘင်ကုမ်နယ်မြေထဲမှာ ဖမ်းဆီးရမိခဲ့တယ်။
ဒီမတိုင်ခင်ရှေ့က ဆိုင်ဘာရဲတပ်ဖွဲ့ဟာ nakarin789 အမည်ရှိ အွန်လိုင်းလောင်းကစားဝိုင်း ဝက်ဘ်ဆိုက်ကို စုံစမ်းထောက်လှမ်းမှုတွေပြုခဲ့ပါတယ်။
ကစားဝိုင်းက ရရှိလာတဲ့ ငွေတွေဟာ နိုင်းဆုမ်ဖုပ်ကတဆင့် နန်းဆောင်ကန်ကျနာရဲ့ ဘဏ်စာအုပ်ထဲ လွှဲပေးတယ်၊ နန်းဆောင်ကန်ကျနာက ထပ်လွှဲတဲ့ငွေတွေဟာ နိုင်းရာ့ချ်ဖုန်းရဲ့ ဘဏ်အကောင့်ထဲ ပြန်ဝင်သွားတယ်၊ ဒီအွန်လိုင်းက စားဝိုင်းမှာ ဖမ်းဝရမ်းထုတ်ခံထားရသူ စုစုပေါင်း ၆ ယောက် ရှိပြီး လက်ရှိမှာ နိုင်းရာ့ချ် ဖုန်းအပါအဝင် ၄ ယောက်ကို ဖမ်းဆီးရမိပြီး နောက်ထပ် ၂ ယောက်ကိုလည်း ဖမ်းဆီးရမိဖို့ ဆောက်ရွက်နေတယ်လို့ ဆိုက်ဘာရဲတပ်ဖွဲ့ တာဝန်ရှိသူမှ သတင်းထောက်တွေကို ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး People's Party ပြည်သူ့ပါတီခေါင်းဆောင် နိုင်းနာ့ဿ်ဖုန်း ရိန်းပန်းယားဝုဒ်က သူတို့ပါတီတွေအနေနဲ့ အွန်လိုင်းလောင်းကစားမှုအပါအဝင် လောင်းကစားမှုအမျိုးမျိုး၊ အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု အစရှိတဲ့ ဘယ်ရာဇဝတ်မှုမျိုးကိုမဆို ဆန့်ကျင်ပြီး ပါတီဝင်တွေအနေနဲ့လည်း လုံးဝပါတ်သက်မှုမရှိရဘူးဆိုတဲ့ မူဝါဒကို ရှင်းလင်းပြတ်သားစွာ ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ ပြောါတယ်။
ဒါ့အပြင် ပါဝင်ပတ်သက်မှုတွေရှိရင်လည်း ဘယ်ရာထူးကြီးသူ ဘယ်တာဝန်ပဲယူယူ ပါတီက လုံးဝ ကာကွယ်ဝန်းရံပေးမှာမဟုတ်ဘဲ တရားဥပဒေအတိုင်းရင်ဆိုင် သွားရမယ်လို့ ထုတ်ပြန်ထားပြီး တာ့ခ်လွှတ်တော်အမတ်လောင်း ရတ်ချဖုန်းကိစ္စမှာလည်း ဥပဒေအတိုင်းရင်ဆိုင်ရမှာဖြစ်တယ်လို့ ဇန်နဝါရီ ၁၅ ဒီမနက် ၈ နာရီမှာ သတင်းစာရှင်းလင်း ထုတ်ပြန်ပြောပါတယ်။
ပါတီဝင်တိုင်းရဲ့ ကိုယ်ရေးရာဇဝင်တွေကိုလည်း စိစစ်ပြီးမှ လက်ခံတယ်၊ ဒါပေမဲ့ မိမိတို့ဟာ ရဲ တပ်ဖွဲ့လို စုံစမ်းစစ်ဆေးရေးအဖွဲ့မဟုတ်တော့ ပါတီဝင်တိုင်းရဲ့ ကိုယ်ရေးကိစ္စကို နက်ရှိုင်းစွာ ထောက် လှမ်းမှုတွေ မပြုနိုင်ကြောင်း၊ တာဝန်ရှိသူတွေအနေနဲ့ သံသယရှိတဲ့ မိမိတို့ပါတီဝင်တွေကို တရားဥပဒေအရ လွတ်လပ်စွာစုံစမ်းစစ်ဆေးနိုင်ကြောင်း နိုင်းနာ့ဿ်ဖုန်းက ပြောပါတယ်။
Source: MGR Online / AMARIN TV










