DVB Logo
Home
နိုင်ငံတကာ
အဖော်အချွတ် ပုံဖော်ဖန်တီးမှုများကြောင့် Grok ကို မလေးရှားနှင့် အင်ဒိုနီးရှားတို့ ပထမဆုံးပိတ်ပင်
DVB
·
January 13, 2026
အဖော်အချွတ် ပုံဖော်ဖန်တီးမှုများကြောင့် Grok ကို မလေးရှားနှင့် အင်ဒိုနီးရှားတို့ ပထမဆုံးပိတ်ပင်
Donate to DVB

ကာယကံရှင် သဘောတူညီချက်မပါဘဲ အဖော်အချွတ် ပုံရိပ်တွေကို ဖန်တီးရာမှာ အလွဲသုံးစားလုပ်နေတယ်ဆိုတဲ့ စိုးရိမ်မှုတွေ နိုင်ငံတကာ အစိုးရတွေကြားမှာ မြင့်တက်လာနေချိန်မှာပဲ xAI ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ဉာဏ်ရည်တုနည်းပညာသုံး Grok Chatbot ကို မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ပထမဆုံး ပိတ်ပင်လိုက်တယ်လို့ AP သတင်းမှာ ဖော်ပြပါတယ်။

တကယ့်အစစ်အမှန်နီးပါး ပုံရိပ်၊ အသံနဲ့ စာတွေကို ဖန်တီးပေးနိုင်တဲ့ ဉာဏ်ရည်တုနည်းပညာ တွေအပေါ် စောင့်ကြည့်စစ်ဆေးမှုတွေ မြင့်တက်လာနေသလို လက်ရှိ တားဆီးကာကွယ်မှုတွေကလည်း အလွဲသုံးစားလုပ်တာတွေကို မကာကွယ်နိုင်ဘူးဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ 

မတ်စ်ခ် ပိုင်ဆိုင်တဲ့ X လူမှုကွန်ရက်ကနေတဆင့် သုံးစွဲနိုင်တဲ့ ဒီ Grok chatbot ဟာ အမျိုးသမီးတွေကို ရေကူးဝတ်စုံ ဘီကီနီနဲ့ဖြစ်စေ၊ လိင်အသားပေး ကိုယ်ဟန်အနေအထားတွေနဲ့ ဖြစ်စေ ပြုပြင်ဖန်တီးထားတဲ့ ပုံတွေအပြင် ကလေးငယ်တွေပါဝင်တဲ့ ပုံတွေကိုပါ ထုတ်လုပ်ပေးနေတာကြောင့် ဝေဖန်ခံနေရပါတယ်။

အင်ဒိုနီးရှား ဆက်သွယ်ရေးနဲ့ ဒစ်ဂျစ်တယ်ရေးရာဝန်ကြီး မူတီးယားဟာဖစ်က “အစိုးရအနေနဲ့ ကာယကံရှင် သဘောတူညီချက်မပါတဲ့ လိင်ပိုင်းဆိုင်ရာ လုပ်ကြံဖန်တီးထားတဲ့ ရုပ်ပုံ (Deepfakes) တွေကို လူ့အခွင့်အရေး၊ ဂုဏ်သိက္ခာနဲ့ ဒီဂျစ်တယ်နယ်ပယ်တွင်း နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှုအဖြစ် ရှုမြင်ပါတယ်” လို့ ထုတ်ပြန်ချက်တခုမှာ ပြောပါတယ်။

Grok အပေါ် စောင့်ကြည့်စစ်ဆေးမှုတွေဟာ ဥရောပသမဂ္ဂ (EU)၊ အိန္ဒိယ၊ ပြင်သစ်နဲ့ ယူကေနိုင်ငံတွေမှာလည်း ကြီးထွားလာနေပြီး ယူကေကတော့ အဝတ်အစားမဲ့ပုံ ဖန်တီးပေးတဲ့ အက်ပ်ပလီကေးရှင်းတွေကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ဖို့ လုပ်ဆောင်နေတယ်လို့ တနင်္လာနေ့မှာ ပြောဆိုခဲ့ပါတယ်။ 

ဗြိတိန်နိုင်ငံရဲ့ မီဒီယာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကလည်း ကလေးငယ်တွေရဲ့ လိင်အသားပေး ပုံရိပ်တွေကို မျှဝေခွင့်ပြုထားတာနဲ့ ပတ်သက်ပြီး Grok အနေနဲ့ ဥပဒေချိုးဖောက်ခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးမှုတခု စတင်ခဲ့ပါတယ်။

လူပုဂ္ဂိုလ်တွေရဲ့ လိင်ပိုင်းဆိုင်ရာ Deepfake ပုံတွေနဲ့ပတ်သက်ပြီး ကမ္ဘာတဝန်း ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးနောက် ပြီးခဲ့တဲ့သီတင်းပတ်က Grok ဟာ ပုံတွေ ဖန်တီးတာနဲ့ ပြုပြင်တာတွေကို အခကြေးငွေပေး သုံးစွဲသူတွေအတွက်ပဲ ကန့်သတ်ပေးခဲ့ပေမဲ့ ဒါဟာ ပြဿနာကို အပြည့်အဝ မဖြေရှင်းနိုင်ဘူးလို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး AP သတင်းဌာနက xAI ကုမ္ပဏီကို အီးမေးလ်ကနေ မေးမြန်းခဲ့ရာမှာတော့ “ခေတ်ဟောင်းမီဒီယာတွေ လိမ်ပြောနေတယ်” ဆိုတဲ့ အလိုအလျောက် တုံ့ပြန်စာပဲ ပြန်လည်ရရှိခဲ့ပါတယ်။ ကမ္ဘာတဝန်း ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းတုန်းကလည်း တခြားလိပ်စာတခုကနေ အလားတူ စာသားမျိုးပဲ ပြန်လည်ဖြေကြားခဲ့ဖူးပါတယ်။

အာရှနိုင်ငံတွေရဲ့ Grok အပေါ် အရေးယူဆောင်ရွက်ချက်

အရှေ့တောင်အာရှ ၂ နိုင်ငံက စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေကတော့ လက်ရှိ ထိန်းချုပ်မှုတွေဟာ အထူးသဖြင့် အမျိုးသမီးတွေနဲ့ အရွယ်မရောက်သေးသူတွေ ပါဝင်နေတဲ့ အတုအယောင် ညစ်ညမ်းအကြောင်းအရာတွေ ဖန်တီးတာနဲ့ ပျံ့နှံ့တာတွေကို မတားဆီးနိုင်ဘူးလို့ ပြောပါတယ်။ အင်ဒိုနီးရှားအစိုးရက Grok ကို ဝင်ရောက်သုံးစွဲခွင့် စနေနေ့က ယာယီပိတ်ပင်ခဲ့ပြီးနောက် မလေးရှားကလည်း တနင်္ဂနွေနေ့မှာ ထပ်မံပိတ်ပင်ခဲ့ပါတယ်။

Grok ဟာ အင်ဒိုနီးရှားနိုင်ငံသားတွေရဲ့ ဓာတ်ပုံအစစ်တွေကို အခြေခံပြီး ညစ်ညမ်းရုပ်ပုံတွေ ဖန်တီးဖြန့်ဝေတာကို တားဆီးဖို့ ထိရောက်တဲ့ အကာအကွယ်တွေ မရှိတာကို ကနဦးတွေ့ရှိချက်တွေအရ သိရတယ်လို့ ဒီဂျစ်တယ်နယ်ပယ် ကြီးကြပ်ကွပ်ကဲရေး ညွှန်ကြားရေးမှူးချုပ် အလက်ဇန္ဒား ဆာဘာ (Alexander Sabar) က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ကာယကံရှင် သဘောတူညီချက်မရှိဘဲ ဓာတ်ပုံတွေကို ပြုပြင်တာ၊ မျှဝေတာတွေ လုပ်တဲ့အခါ ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှု (Privacy) နဲ့ ရုပ်ပုံဆိုင်ရာ မူပိုင်ခွင့်တွေကို ချိုးဖောက်ရာရောက်တယ်လို့လည်း သူက ဆိုပါတယ်။

မလေးရှား ဆက်သွယ်ရေးနဲ့ မာလ်တီမီဒီယာကော်မရှင်ကလည်း အမျိုးသမီးတွေနဲ့ အရွယ်မရောက်သေးသူတွေ ပါဝင်တဲ့ ညစ်ညမ်းရုပ်ပုံတွေ၊ လိင်အသားပေးပုံတွေနဲ့ ခွင့်ပြုချက်မဲ့ ပြုပြင်ဖန်တီးထားတဲ့ ပုံတွေကို ထုတ်လုပ်ဖို့ ဒီကိရိယာကို ထပ်တလဲလဲ အလွဲသုံးစားလုပ်နေတာ တွေ့ရတယ်လို့ မှတ်ချက်ပြုပါတယ်။

ပိုမိုခိုင်မာတဲ့ အကာအကွယ်တွေထားရှိဖို့ တောင်းဆိုတဲ့ သတိပေးစာတွေကို X Corp. နဲ့ xAI ကုမ္ပဏီထံ ဒီလထဲမှာ ပေးပို့ထားတယ်လို့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ပြောပါတယ်။

“ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွေ ဆောင်ရွက်နေစဉ်မှာ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ရော၊ မျှတမှုရှိတဲ့ အတိုင်းအတာတခုအနေနဲ့ပါ အခုလို ကန့်သတ်လိုက်တာ ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပြီး ထိရောက်တဲ့ အကာအကွယ်တွေ မရှိမချင်း ဆက်လက်ပိတ်ပင်ထားမယ်လို့ ဆိုပါတယ်။

ယူကေမှာ စုံစမ်းစစ်ဆေးမှု စတင်

၂၀၂၃ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တဲ့ Grok ကို X ပေါ်မှာ အခမဲ့ သုံးစွဲနိုင်ပါတယ်။ မနှစ်ကတော့ ရုပ်ပုံဖန်တီးပေးတဲ့ Grok Imagine လုပ်ဆောင်ချက်ကို ထည့်သွင်းပေးခဲ့ပြီး အဲဒီအထဲမှာ လူကြီးကြိုက် အကြောင်းအရာတွေ ဖန်တီးပေးနိုင်တဲ့ Spicy Mode ဆိုတာလည်း ပါဝင်ပါတယ်။

ယူကေ မီဒီယာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကတော့ ဥပဒေနဲ့မလွတ်ကင်းတဲ့ အကြောင်းအရာတွေကနေ ပြည်သူတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခြင်း ရှိ၊ မရှိ Grok ကို စုံစမ်းစစ်ဆေးမှု စတင်နေပြီလို့ ပြောပါတယ်။ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ Ofcom က Grok ကနေ ဖန်တီးလိုက်တဲ့ ကလေးငယ်တွေကို လိင်အသားပေး ပုံဖော်ထားတာတွေ၊ လူတွေကို အဝတ်အစားမဲ့အောင် ဖန်တီးထားတဲ့ ပုံတွေဟာ ညစ်ညမ်းရုပ်ပုံ ဒါမှမဟုတ် ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု မြောက်နိုင်တယ်လို့ ပြောပါတယ်။

နည်းပညာဝန်ကြီး လစ်ဇ် ကန်ဒယ်လ်က AI နဲ့ ဖန်တီးထားတဲ့ ပုံရိပ်တွေကို “အလွဲသုံးစားပြုနိုင်တဲ့ လက်နက်တွေ” လို့ ခေါ်ဆိုခဲ့ပြီး အလယ်အလတ် လက်ဝဲယိမ်း လေဘာအစိုးရအနေနဲ့ ကာယကံရှင် ခွင့်ပြုချက်မပါဘဲ အဝတ်မဲ့ပုံတွေ ဖန်တီးနိုင်တဲ့ ကိရိယာတွေ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး ပြဿနာရဲ့ အရင်းအမြစ်ကို ကိုင်တွယ်သွားမယ်လို့ ပြောပါတယ်။

စုံစမ်းစစ်ဆေးမှုရလဒ်နဲ့ ဝက်ဘ်ဆိုက်ကို ပိတ်ပင်ဖို့ တရားရုံးအမိန့် ဖြစ်နိုင်ခြေတွေအပေါ် မူတည်ပြီး X အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းအထိ Ofcom ရဲ့ ဒဏ်ရိုက်တာကို ခံရနိုင်တယ်လို့ ကန်ဒယ်လ်က ပြောပါတယ်။

“ဒီလို စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး တရားမဝင်တဲ့ အကြောင်းအရာတွေကို သူတို့ပလက်ဖောင်းပေါ်မှာ မျှဝေခွင့်မရအောင် အမြန်ဆုံး အရေးယူဆောင်ရွက်ဖို့ ရွေးချယ်လို့ ရပါတယ်” လို့ ကန်ဒယ်လ်က လွှတ်တော်မှာ ပြောပါတယ်။

မတ်စ်ခ်ကတော့ ဗြိတိန်အစိုးရဟာ “ဖက်ဆစ်” ဖြစ်တယ်လို့ သီတင်းပတ်ကုန်ပိုင်းမှာ တုံ့ပြန်ခေါ်ဆိုခဲ့ပြီး လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်ဖို့ ကြိုးစားနေတာလို့ ပြောဆိုခဲ့ပါတယ်။

Source: AP

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013