
ChatGPT မှာ ဆေးဘက်ဆိုင်ရာ မှတ်တမ်းတွေကို လေ့လာဆန်းစစ်ပြီး ပိုမိုတိကျကောင်းမွန်တဲ့ အဖြေထုတ်ပေးနိုင်မဲ့ Feature အသစ်ကို OpenAI ကုမ္ပဏီက မိတ်ဆက်လိုက်ပါတယ်။
ChatGPT Health အမည်ရ Feature အသစ်မှာ လူပုဂ္ဂိုလ်အလိုက် ဆေးဘက်ဆိုင်ရာ မှတ်တမ်းတွေ အပါအဝင် MyFitnessPal လိုမျိုး Application တွေကရတဲ့ အချက်အလက်တွေကိုပါ စစ်ဆေးပေးနိုင်မှာ ဖြစ်ပါတယ်။
အဲဒီကနေရလာတဲ့ အချက်အလက်တွေကို သုံးသပ်ကာ တယောက်ချင်းစီအတွက် သီးသန့်အကြံဉာဏ်တွေ ပေးနိုင်တယ်လို့လည်း ဆိုပါတယ်။
အဲဒီနောက် တက်ကြွလှုပ်ရှားသူတွေဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် လုံခြုံမှုအတွက် စိုးရိမ်စရာရှိတယ်ဆိုပြီး သတိပေးထားပါတယ်။
OpenAI ကတော့ ChatGPT Health မှာ အပြန်အလှန် ပြောဆိုထားတာတွေကို သီးခြားသိမ်းဆည်းမှာဖြစ်သလို AI အတွက် လေ့ကျင့်ပေးတဲ့ နေရာမှာလည်း အသုံးပြုမှာ မဟုတ်ကြောင်း ထုတ်ပြန်ထားပါတယ်။
အဲဒီ Feature အသစ်ဟာ “ရောဂါရှာဖွေတာမျိုးနဲ့ ဆေးကုသတဲ့နေရာမှာ” အစားထိုးနိုင်ဖို့ ရည်ရွယ်တာ မဟုတ်ဘဲ “အထောက်အကူပြုဖို့” အတွက်သာ ဖန်တီးထားတာလို့ သိရပါတယ်။
လောလောဆယ်အထိ အမေရိကန်မှာသာ အသုံးပြုနိုင်ဦးမှာဖြစ်ပြီး တခြားနိုင်ငံတွေကတော့ ဘယ်တော့ဖြစ်မလဲ ဆိုတာကို အတိအကျ မသိရသေးပါဘူး။
အစောပိုင်းမှာ OpenAI က “စမ်းသပ်သုံးစွဲမဲ့ လူတစုကိုသာ” Health Feature ပေးအပ်ထားမှာ ဖြစ်ပေမဲ့လည်း တခြားသူတွေအတွက် ဆိုရင်တော့ စောင့်ဆိုင်းစာရင်း (Waitlist) ဖွင့်ပေးထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ChatGPT Health မှာ “အရေးကြီးတဲ့ အချက်အလက်တွေ ကာကွယ်နိုင်ဖို့အတွက် သီးသန့်လုံခြုံရေးစနစ် မြှင့်တင်ထားတဲ့” အကြောင်း OpenAI ရဲ့ Blog ပို့စ်တခုအတွင်း ဖော်ပြထားပါတယ်။
အထူးသဖြင့် Google ရဲ့ Gemini လိုမျိုး AI Chatbot တွေနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်လာတာနဲ့အမျှ ကျန်းမားရေးဆိုင်ရာ နည်းပညာအသစ်ဟာ OpenAI အတွက် “ကစားပွဲအပြောင်းအလဲဖြစ်စေမဲ့”၊ “အရေးပါတဲ့အချိုးအကွေ့” အဖြစ် သုံးသပ်ထားကြပါတယ်။
ChatGPT မှာလည်း လူပေါင်း သန်း ၂၃၀ ကျော်က ကျန်းမာရေးနဲ့ ဘဝနေထိုင်မှုဆိုင်ရာ မေးခွန်းတွေကို အပတ်စဉ် မေးမြန်းလေ့ရှိကြောင်း OpenAI ရဲ့ အတည်ပြုချက်အရ သိရပါတယ်။










