DVB Logo
Home
မြန်မာသတင်း
မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲ မသမာမှု  စစ်တပ်ဩဇာခံ UEC ဖြေရှင်းမပေး 
DVB
·
January 8, 2026
မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲ မသမာမှု  စစ်တပ်ဩဇာခံ UEC ဖြေရှင်းမပေး 
Donate to DVB

စစ်ကောင်စီပြုလုပ်တဲ့ ရွေးကောက်ပွဲ ပထမပိုင်းမှာ မဲပေးစက်ပြဿနာတွေ၊ ကြိုတင်မဲကိစ္စတွေနဲ့ မဲမသမာမှုတွေရှိခဲ့ပေမဲ့ စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က ပြေလည်အောင်မဖြေရှင်းဘဲ ရွေးကောက်ပွဲနောက်အပိုင်းတွေကျမှ ပိုကောင်းအောင်ပြုလုပ်မယ်လို့ပြောဆိုတဲ့ အပေါ် ‌ဝေဖန်ခံနေရပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့က မဲရုံတွေထဲမှာလည်း မဲပေးစက်အခက်အခဲတွေနဲ့ စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးတပါတီတခုတည်းကိုပဲ ခလုပ်နှိပ်ပြီး မဲပေးခဲ့ရတဲ့ မသမာမှုတွေရှိခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ 

ဒီလိုမဲမသမာမှုရှိခဲ့တဲ့အပေါ် ကော်မရှင်က ဖြေရှင်းချက်မပေးဘဲ နောက်အပိုင်းတွေမှသာ အဆင်ပြေအောင် လုပ်ပေးမယ်ဆိုတာ မရိုးသားဘူးလို့ ထားဝယ်မြို့  ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)က ကိုမင်းလွင်ဦးက ပြောပါတယ်။

“ကျနော်တို့ နားလည်တာက သူတို့ မဲလိမ်မဲခိုးတာကို သူတို့စက်ချွတ်ယွင်းလို့ အားနည်းချက် တစုံတရာရှိသွားလို့ ဆိုတဲ့ဟာမျိုး ဖာထေးပြီးတော့ပြောတယ်လို့ နားလည်တယ်။ ဒါပေမဲ့ အရမ်းကို ထင်သာမြင်သာရှိတာက မဲပေးရင်းနဲ့မှ စက်က USDP တခုတည်းကိုပဲ နှိပ်လို့ရအောင် လုပ်လိုက်တယ်ဆိုတာ စက်ချွတ်ယွင်းတာမဟုတ်ဘူး။ တမင်တကာ လုပ်ကြံဆယ်လီထားတဲ့ ဟာပဲလို့ ကျနော်တို့ကတော့မြင်တယ်။ အဲဒီတော့ သူတို့ရွေးကော်ပြောတဲ့ ပုံစံက ပထမပိုင်းမှာ USDP နိုင်ရတာက ရိုးရိုးသားသားအနိုင်ရတာမဟုတ်ဘူးဆိုတာကို တဖက်က ကျနော်တို့ နားလည်လို့ရတဲ့အနေအထားပေါ့။”

ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲ ပထမပိုင်းမှာ မဲပေးစက်ပြဿနာတွေ၊ ကြိုတင်မဲကိစ္စတွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီတွေအကြား မကျေလည်မှုတွေနဲ့ တိုင်ကြားမှုတွေရှိခဲ့ပေမဲ့  ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက  ဂရုမစိုက်ဘဲ အပိုင်း ၂ နဲ့ ၃ မှာ အဆင်ပြေအောင်လုပ် ပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင်နဲ့ ပါတီတွေက တာဝန်ရှိသူတွေ ဇန်နဝါရီ ၅ ရက်က နေပြည်တော်မှာ တွေ့ဆုံမှုမှာ ပါတီတွေက အခက်အခဲတွေကို တင်ပြခဲ့ကြပေမဲ့  နောက်လာမဲ့ အပိုင်းတွေမှသာ အကောင်းဆုံး အဆင်ပြေအောင်လုပ်ပေးမယ်လို့ ပြောခဲ့တဲ့အကြောင်း ပွဲကို တက်ရောက်ခဲ့တဲ့ ပါတီတခုရဲ့ တာဝန်ရှိသူက ပြန်ပြောပြပါတယ်။ 

“ပါတီတွေက သူတို့ ကြုံနေရတဲ့ အခက်အခဲတွေကို တင်ပြကြတယ်။ တင်ပြကြတော့ နောက်လာမဲ့ အပိုင်း ၂ နဲ့ အပိုင်း ၃ ကို အပိုင်း ၁ ထက် အဆင်ပြေအောင် လုပ်ပေးမယ်လို့ ပြောတယ်။ အခုက မဲပေးတဲ့ စက်ကိစ္စတွေလည်း အခက်အခဲရှိတယ်။ ဒါကြောင့် နောက်ပိုင်းတွေမှာ အကောင်းဆုံးလုပ်မယ်လို့   ပြောပါတယ်။"

တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲဖြစ်တဲ့အလျှောက် မျှတတဲ့ မဲရေတွက်မှုစနစ်တွေက စစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီအတွက် အသုံးဝင်မှာမဟုတ်သလို ပြီးခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း ၁ ပြဿနာတွေမှာ ရွေးကောက်ပွဲကော်မရှင်ကလည်း အသုံးချခံလို ဖြစ်နေတဲ့အကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက ပြောပါတယ်။

“သေချာတာကတော့ အပိုင်း ၁ မဲရလဒ်ကို ဘယ်သူတွေက ဘယ်လောက်ပဲ စောဒကတက်တက်၊ အငြင်းပွားမှုတွေပဲရှိရှိ ဘယ်လိုနည်းနဲ့မှ ပြန်ပြင်မပေးတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်က အလွန်အကျွန်ထားခဲ့တဲ့ ကိစ္စလည်းဖြစ်တော့ သူတို့လိုချင်တဲ့ ရလဒ်ကို ရွေးကောက်ပွဲကော်မရှင်က အကောင်အထည်ဖော်ဖို့ ကြိုးစားတာပေါ့။ အပိုင်း ၁ မှာတင် လိုသလောက်ကို ရပြီးသွားပြီ၊ သူတို့ လိုချင်တဲ့ အခြေအနေကို ရပြီးသွားပြီ၊ သူတို့အချင်းချင်း မဆလတပါတီစနစ်က အသွင်ပြောင်းထားတဲ့ တစညနဲ့တောင် သူတို့ အငြင်းပွား ရတယ်ဆိုတဲ့အခါကျတော့လေ၊ အပိုင်း ၂ အပိုင်း ၃ ဆိုတာက ကျမနားလည်တာကတော့ အရန် လုပ်တာ၊ နည်းနည်း ပါးပါးအနိုင်ရတယ်ဆိုရင်လည်း မထူးတော့ဘူး၊ ဘာလို့လဲဆိုတော့ အပိုင်း ၁ မှာကတည်းက အစိုးရအဖွဲ့ ဖွဲ့လိုရ အောင် ဖန်တီးပြီးထားပြီလို့ ကျမတော့ နားလည်ပါတယ်။” 

ရွေးကောက်ပွဲ အပိုင်း ၁ မှာတော့ ကြံ့ခိုင်ရေးပါတီက ကြိုတင်မဲအရေအတွက် အပြတ်အသတ်နဲ့ အနိုင်ရရှိထားပြီး လာမဲ့ ရွေးကောက်ပွဲအပိုင်း ၂ ကိုတော့ ဇန်နဝါရီလ ၁၁ ရက်နေ့ မြို့နယ် ၁၀၀ မှာ ကျင်းပမယ်လို့  ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို  ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ 

အာဆီယံ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။ 

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013