DVB Logo
Home
မြန်မာသတင်း
BGF တပ်ရင်း ၂ ရင်းက KNA ဘက်မပြောင်းဘဲ စစ်တပ်နှင့် ဆက်ပူးပေါင်းနေ
DVB
·
January 7, 2026
BGF တပ်ရင်း ၂ ရင်းက KNA ဘက်မပြောင်းဘဲ စစ်တပ်နှင့် ဆက်ပူးပေါင်းနေ
Donate to DVB

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းအခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) တပ်နယ် ၁ လက်အောက်ခံ တပ်ရင်း ၂ ရင်းဟာ ကရင်အမျိုးသားတပ်မတော် (KNA) အဖြစ် မပြောင်းလဲဘဲ စစ်တပ်နဲ့ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်နေတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

ဇန်နဝါရီ ၁ ရက်က နယ်ခြားစောင့်တပ် (BGF) ဟာ စစ်တပ်လက်အောက်ကနေ သီးခြားရပ်တည်ဖို့ ကရင်အမျိုးသားတပ်မတော် (KNA) အနေနဲ့ ပြောင်းလဲဖွဲ့စည်းရာမှာ BGF တပ်နယ် ၁ နဲ့ ၄ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေက ပြောင်းလဲတာ မရှိခဲ့ပါဘူး။

အဲဒီထဲက တပ်နယ် ၁ လက်အောက်ခံ ဖာပွန်မြို့နယ်၊ ကတိုင်တိအခြေစိုက် တပ်ရင်းမှူး ဗိုလ်မှူးစောလှကြိုင်ရဲ့ ၁၀၁၃ တပ်ရင်း၊ တပ်ရင်းမှူး ဗိုလ်မှူးမောင်ချစ်ရဲ့ ကမမောင်းမြို့ အုန်းတောအခြေစိုက် ၁၀၁၄ တပ်ရင်း ပါဝင်ခဲ့ပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီ စစ်ကြောင်းတွေနဲ့ ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်နေတယ်လို့ KNLA တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

“သူတို့ KNA ဘက် ကူးပြောင်းမလား၊ မကူးပြောင်းဘူးလား ဆိုတာ အခြေအနေကို ဒီဘက် (တပ်မဟာ၅) က စောင့်ကြည့်နေတုန်းပဲ။ ၁၀၁၃ နဲ့ ၁၀၁၄ ကတော့ စစ်ကောင်စီအဖွဲ့နဲ့ပဲ ရောနှောပြီးတော့ နေတုန်းပဲ။ စစ်ကောင်စီဘက်ကနေပြီးတော့မှ အကူအညီ လမ်းပြတာတို့ ဘာတို့ အဲဒီဘက်မှာလည်း သူတို့ ဝိုင်းဝန်းကူညီတုန်းပဲ။ အခြေအနေကတော့ ဆက်စောင့်ကြည့်တုန်းပဲ။”

ဒါ့အပြင် စစ်ကောင်စီက ဆုံးရှုံးထားတဲ့ ဖာပွန်မြို့ အပါအဝင် တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ DKBA ဗိုလ်ဘိအဖွဲ့၊ နယ်ခြားစောင့်တပ် (BGF) အကူအညီနဲ့ မြေပြင် ဝေဟင် ပစ်ကူရယူပြီး ဝါးဒူးကျေးရွာကနေ စစ်ကြောင်းထိုးနေပါတယ်။ ဒါပေမဲ့ ၄ လကျော် ကြာမြင့်လာတဲ့အထိ ရှေ့ဆက်တိုးမရဘဲ ထိခိုက်ကျဆုံးသူများပြီး ပြန်လည်ဆုတ်ခွာနေရပါတယ်။

ကရင်နိုင်ငံရေးလေ့လာသူတယောက်က “တပ်မဟာ ၅ ခွင်ထဲမှာ စကမကို ကျောထောက်နောက်ခံ ပေးပြီး ဆက်သွားနေမဲ့ ၁၀၁၃၊ ၁၀၁၄ တို့ကတော့ KNU ရဲ့ အမြစ်ဖြတ် ချေမှုန်းခြင်းကို ခံရနိုင်တယ်။ နောက်တခုက သူတို့ရဲ့ အကျိုးစီးပွားကို မြင်ပြီးတော့ သွားနေတယ်လို့ မြင်တယ်။ တပ်မဟာ ၅ ကတော့ ရှင်းတယ်၊ အပြတ်ရှင်းမှာ။ အဲဒီတော့ ကရင်အချင်းချင်း ပစ်ရဦးမယ်။ သေရဦးမယ်။ အဲဒါ တခု ရှိတယ်။ နောက်တခုကကျတော့ BGF ကနေ KNA  ပြောင်းလဲသွားတဲ့အပေါ်မှာ သူတို့က မပြောင်းလဲဘဲနဲ့ စကမနဲ့ လက်တွဲနေတဲ့နေရာမှာ စကမရဲ့ အတွင်းသတင်းကို လိုချင်လို့ပဲ BGF ကနေ နည်းပရိယာယ်အနေနဲ့ အသုံးချတဲ့ ပုံစံတခုလား၊ အဲဒါမျိုးတွေတော့ စဉ်းစားစရာရှိတယ်။”

ကရင်အမျိုးသားတပ်မတော် (KNA) အနေနဲ့ မပြောင်းလဲဘဲ နယ်ခြားစောင့်တပ် (BGF) အနေနဲ့ တပ်နယ် ၁ တပ်နယ်မှူး ဗိုလ်မှူးစောစိုးနိုင် လက်အောက်ခံ ၁၀၁၃ တပ်ရင်းနဲ့ ၁၀၁၄ တပ်ရင်းအပြင် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသအနီး တခွက်ဖိုး ပန်တော်မှီအခြေစိုက် ၁၀၁၁ တပ်ရင်းလည်း ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် တပ်နယ် ၄ တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန် လက်အောက်ခံ မြဝတီမြို့နယ် မဲပလဲ့အခြေစိုက် ၁၀၁၇ တပ်ရင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ် ထီးဟူသံအခြေစိုက် ၁၀၂၁ တပ်ရင်း၊ မြဝတီမြို့နယ်၊ မဲကနယ်အခြေစိုက် ၁၀၂၂ တပ်ရင်းနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့အခြေစိုက် ၁၀၂၃ တပ်ရင်းတွေ ကျန်ရှိနေတယ်လို့ သိရပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013