
မြစ်ကြီးနား - တနိုင်းသွားလမ်း လီဒိုလမ်းမပေါ်က နောင်းမီဒေသခံ ကချင်လူငယ် ၄ ယောက် သတ်ဖြတ်ခံရပြီးနောက် ဒေသခံပြည်သူတွေ လုံခြုံရေးအတွက် ပိုပြီး စိုးရိမ်နေကြရတယ်လို့ သိရ ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ရဲ့ နယ်မြေထိန်းချုပ်မှု တိုးချဲ့လာတာနဲ့ အတူ အရပ်သားပြည်သူတွေ ဖမ်းဆီးခံရတာ၊ သတ်ဖြတ်ခံရတာနဲ့ ငွေကြေးပေးပြီး ပြန်လည် လွတ်မြောက်လာရတဲ့ ဖြစ်စဉ်တွေ ပိုများလာပါတယ်။
ဩဂုတ် ၉ ရက်နေ့က ကချင်လူငယ် ၄ ယောက် သတ်ဖြတ်ခံရပြီး ရုပ်အလောင်းတွေ ပြန်ရရှိဖို့ မိသားစုဝင်တွေနဲ့ ရပ်မိရပ်ဖတွေက ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ကနေတဆင့် ကချင်ပြည်နယ်ဝန်ကြီးနဲ့ တိုင်းမှူးအထိတောင်းဆိုခဲ့ပေမဲ့ အလောင်းတွေပြန်မရခဲ့ဘဲ ငွေနဲ့ ကျေအေး ခိုင်းခဲ့တယ်လို့ နောင်းမီဒေသခံတယောက်က ပြောပါတယ်။
“ဩဂုတ်လ ၉ ရက်နေ့ မနက်ပိုင်းမှာ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက ဖားကန့်မြို့နယ်၊ လီဒိုလမ်းမကြီး နောင်းမီကျေးရွာမှာရှိတဲ့ ကချင်လူငယ် ၄ ယောက်ကို အပြစ်မရှိဘဲနဲ့ မတရားဖမ်းဆီးပြီး ရက်ရက်စက်စက် သတ်ဖြတ်လိုက်တယ်။ သတ်ဖြတ်လိုက်လို့ မိသားစုဝင်တွေက မင်းဇေသန့်အဖွဲ့ကို အလောင်းပြန်တောင်းတော့ သူတို့က အလောင်းမပေးဘူး။ အလောင်းမပေးတော့ မိသားစုဝင်တွေက ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်ကွန်ယက် PCG ကနေတဆင့် အကူအညီတောင်းတော့ PCG က တဆင့် ဝန်ကြီးချုပ်ဆီ ရောက်တယ်။ ဝန်ကြီးချုပ်ကတဆင့် တိုင်းမှူးကိုပြောတော့၊ တိုင်းမှူးကနေတဆင့် မင်းဇေသန့်အဖွဲ့တွေကို သူတို့သတ်ဖြတ်လိုက်တဲ့ ကချင်လူငယ် ၄ ယောက် အလောင်းပြန်ပေးဖို့ပြောပေမဲ့ မင်းဇေသန့်အဖွဲ့တွေက အလောင်းပြန်မပေးဘဲနဲ့ မိသားစုဝင်တယောက်ကို သိန်း ၂၀၀ စီ နာရေးဆုတောင်းဖို့အတွက်ပဲ ပေးတယ်။ အလောင်းကို လုံးဝပြန်မပေးဘူး” လို့ ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၂၅ နှစ်အရွယ် ဦးဒေါင်လွမ်း၊ အသက် ၂၁ နှစ်အရွယ် လမိုင်ဂွမ်းမိုင်၊ အသက် ၁၉ နှစ်အရွယ် ဆွတ်အောင်နဲ့ အသက် ၁၈ နှစ်အရွယ် ထွယ်ဆန့်အောင်တို့ ဖြစ်ပြီး သူတို့ဟာ ဩဂုတ် ၇ ရက်နေ့က ရွှေမှော်ထဲကျင်းသားလုပ်ဖို့ အိမ်ကနေထွက်လာကြချိန် နောင်းမီနဲ့ ဝါရာဇွပ်ကျေးရွာကြားမှာ ပြည်သူ့စစ်အဖွဲ့က မသင်္ကာမှုနဲ့ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သတင်းကြောင့် မိသားစုဝင်တွေနဲ့ ကျေးရွာတာဝန်ရှိသူတွေက ဝါရာဇွပ်ပြည်သူ့စစ် အဖွဲ့ဆီသွားရောက်ပြီး ပြန်လွှတ်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ လွှတ်မပေးဘဲ နောက်ပိုင်းမှာ သူတို့ဟာ စခန်းကနေထွက်ပြေးတာကြောင့် လက်လွန်လိုက်မိတယ်လို့ ပြည်သူ့စစ်အဖွဲ့ကပြောဆိုခဲ့တယ်လို့ နောင်းမီဒေသခံတွေက ပြောပါတယ်။
လူငယ် ၄ ယောက် ဖမ်းဆီးခံရပြီးနောက် ဩဂုတ် ၈ ရက်နေ့မှာ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ တည်ရှိရာ စံပြကျေးရွာ ပြည်သူ့စစ်စခန်းနေရာကို KIA က ဒရုန်းနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ ပါသေးတယ်။
၂၀၂၄ ခုနှစ်တုန်းကလည်း KIA တပ်တွေက ရှဒူးဇွပ်ကျေးရွာက ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့်အိမ်နဲ့ စံပြကျေးရွာက ပြည်သူ့စစ်စခန်းတို့ကို တပြိုင်နက် တိုက်ခိုက်ခဲ့ပြီးနောက် ဖမ်းဆီးထားတဲ့ ကချင်အမျိုးသား ၃ ယောက်ကို ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က သတ်ဖြတ် ခဲ့ပါသေးတယ်။
တနိုင်းလီဒိုလမ်းမပေါ်မှာ နောင်းမီဒေသခံ ကချင်လူငယ် ၄ ယောက် သတ်ဖြတ်ခံရပြီးနောက် ဒေသခံပြည်သူတွေ ပိုစိုးရိမ်လာကြပြီး ဝါရာဇွပ်၊ ရှဒူးဇွပ်၊ နောင်းမီနဲ့ ဒွန့်ဘန့်တဝိုက်မှာ နေထိုင်သူတွေဟာ အပြင်ထွက်သွားလာတဲ့အခါ စစ်ဆေးခံရတာ၊ ဖမ်းဆီးခံရတာတွေကြောင့် လိုအပ်မှပဲ သွားလာနေကြရတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “အရင်လက ၄ယောက် အသတ်ခံလိုက်ရတာ။ အရင်တုန်းကလည်း အဲလိုတွေချည်းပဲ။ အခု ဒီဘက်မှာဆိုရင် ပြည်သူ့စစ်ဆို အရမ်းကြောက်နေရပီ။ ဒွန်ဘန့်၊ ဝါရာဇွပ်၊ ရှဒူးဇွပ်၊ နောင်းမီ အဲရွာတွေ ပိုစိုးရိမ်ရတယ်။ ပြည်သူတွေ သွားတာလာတာ ဂရုစိုက်နေရတယ်။ အခု သွားဖို့လာဖို့တောင် ကြောက်နေရတယ်။ ကိစ္စရှိမှပဲ ထွက်ကြတော့တယ်” လို့ ပြောပါတယ်။
စစ်အာဏာမသိမ်းခင်အထိ လီဒိုလမ်းမပေါ်က နောင်းမီ၊ ဝါရာဇွပ်၊ ရှဒူးဇွပ်၊ ဘန်ကောက်၊ စံပြနဲ့ အောင်ရာကျေးရွာတို့ဟာ စစ်ရေးကင်းမဲ့ပြီး အနီးဝန်းကျင် ရွှေမှော်ဒေသတွေဆီ အတားအဆီးမရှိ အလွယ်တကူ သွားလာလုပ်ကိုင်နိုင်တဲ့ကျေးရွာတွေ ဖြစ်ကြပါတယ်။
ဒါပေမဲ့ စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်တာအတွင်း ဝါရာဇွပ်ပြည်သူ့စစ်အမည်ခံအဖွဲ့က တနိုင်းသွားလမ်း –လီဒိုလမ်းမကြီးတလျှောက်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ရွှေမှော်ဒေသတွေကိုပါ နယ်မြေထိန်းချုပ်ဖို့ စစ်ရေး ဖော်ဆောင် လာခဲ့ပါတယ်။
ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ဟာ နယ်မြေထိန်းချုပ်နိုင်ဖို့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ကျေးရွာ အဝင်အထွက်နေရာတွေမှာ ဂိတ်ချတပ်စွဲလာပြီး သွားလာတဲ့ ပြည်သူတွေကို မသင်္ကာမှုနဲ့ ဖမ်းဆီးတာ၊ စစ်ဆေးတာတွေအပြင် သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်တွေလည်း ရှိလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်နောက်ပိုင်း ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ အင်အားပိုပြီး ကြီးထွားလာတာနဲ့အတူ ဒေသအတွင်း KIA နဲ့ ဆက်စပ်မှုရှိတယ်လို့ ယူဆရတဲ့သူတွေကို ဖမ်းဆီးပြီး သတ်ဖြတ်လိုက်တာ၊ ဖမ်းဆီးခံရသူတွေကို ငွေကြေးနဲ့ ပြန်ရွေးခိုင်းတာတို့ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဝါရာဇွပ်၊ ရှဒူးဇွပ်၊ နောင်းမီ စတဲ့ ဒေသအတွင်းနေထိုင်တဲ့ ပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးပြီး သတ်ဖြတ်လိုက်တဲ့လုပ်ရပ်တွေကြောင့် အဲဒီဒေသမှာနေထိုင်တဲ့ အမျိုးသားအများစုက ကျေးရွာ အတွင်းကနေ တိမ်းရှောင်သွားကြတာလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းဇေသန့် ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့ဟာ ဖားကန့်သွားလမ်းပေါ်က လဝါးကျေးရွာအထိ နယ်မြေတိုးချဲ့ထိန်းချုပ်လာပြီး ကျေးရွာအဝင်အထွက်နေရာတွေမှာ ဂိတ်တွေချထားကာ ကုန်ကား တွေအပါအဝင် ခရီးသည်ယာဉ်နဲ့ ဒေသအတွင်းသွားလာတဲ့ ပြည်သူတွေကို အဓိက ကြပ်မတ် စစ်ဆေးတာ၊ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။











