DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် စစ်ကောင်စီနှင့် AA တိုက်ပွဲပြင်းထန်
DVB
·
January 6, 2026
စစ်တွေတွင် စစ်ကောင်စီနှင့် AA တိုက်ပွဲပြင်းထန်
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ စစ်ကောင်စီရဲ့ တပ်စခန်းအချို့ကို အာရက္ခတပ်တော်(AA) က မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တွေမြို့နယ်၊ ကံ့ကော်ကျွန်း၊ တောကန်၊ ကျောက်တန်းချေနဲ့ အမြင့်ကျွန်းကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအချို့ကို ဇန်နဝါရီ ၂ ရက်က အာရက္ခတပ်တော်က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အပြင်းအထန် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေကြတယ်လို့  စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“အာရက္ခတပ်တော်က စစ်ကောင်စီတပ်စခန်း ၄ ခုထက်မနည်းကို တိုက်ခိုက်ခဲ့တာရှိပြီး စစ်ကောင်စီက အထိနာခဲ့တာကြောင့် AA ထိန်းချုပ်ရွာတွေကို လက်နက်ကြီးတွေနဲ့ အပြင်းအထန် ပစ်ခတ် တိုက်ခိုက်မှုတွေ ပြုလုပ်နေတာရှိတယ်။ စစ်ကောင်စီက သူတို့ရဲ့ စခန်းတွေကို လာရောက် တိုက်ခိုက်မခံရနိုင်ဘူးဆိုပြီး ထင်မှတ်နေကြတာမှာ အတိုက်ခံလိုက်ရတာကြောင့် အတော်အထိနာသွားတယ်လို့ သိရတယ်။ အခုလည်း တိုက်ခိုက်ခံရတဲ့ စခန်းတွေကို လူအင်အား ဖြည့်တင်းမှုတွေ၊ ကင်းလှည့်တာတွေ တိုးမြင့်လုပ်ဆောင်နေတယ်” လို့ပြောပါတယ်။

ဇန်နဝါ ၃ ရက်ကလည်း စစ်တွေမြို့နယ် သိန်းတန်ကျေးရွာအနီးကင်းလှည့်နေတဲ့ စစ်ကားတစီးကို AA က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၃ ယောက် သေဆုံးပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဇန်နဝါရီလဆန်းကတည်း စစ်တွေမြို့အနီးမှာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေကို အရင်ကထက် ကျယ်လောင်စွာ ကြားလာနေရတယ်လို့ စစ်တွေမြို့ခံတွေကလည်း ပြောပါတယ်။

စစ်တွေမြို့နဲ့ကပ်နေတဲ့ အမှတ် ၁၂ ရဲတပ်ရင်းနဲ့ ကန်တော်ကြီးအနီးရှိ သလုံးတော်ဓာတ်စေတီအနီး တပ်ရင်းတွေကပါ ညအချိန်တွေမှာ စက်သေနတ် ပစ်ခတ်သံတွေကို ဆက်တိုက်ကြားလာရတယ်လို့ စစ်တွေမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

“ဇန်နဝါရီလ အစောပိုင်းကတည်းက စစ်ကောင်စီတပ်ရင်းတွေ အနီးက လက်နက်ငယ် ပစ်ခတ်သံတွေ နေ့တိုင်း ကြားလာရတယ်။ အရင်ကဆို လက်နက်ကြီးသံတွေလောက်ပဲ ကြားရတာ။ အခု လက်နက်ငယ်သံတွေပါ နေ့တိုင်း ကြားလာရတယ်။ တချို့ကလည်း တိုက်ပွဲဖြစ်ကြတာလို့ ပြောကြတယ်။ ပြည်သူတွေက တပ်ဧရိယာတွေကို သွားလာခွင့်မရှိတာကြောင့် အတိအကျတော့ မသိရဘူး။ စစ်ကားတွေ အဝင်အထွက် လုပ်နေကြတာတော့ တွေ့ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ စစ်တွေမြို့အတွင်း ညအချိန် ကင်းလှည့်မှုကိုလည်း တိုးမြှင့်လုပ်ဆောင်နေပြီး ရွှေမင်းဂံဆိပ်ကမ်းကနေတဆင့် အင်အားဖြည့်တင်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ထားဆဲ စစ်တွေမြို့နယ်ကို အာရက္ခတပ်တော်က ဝန်းရံပိတ်ဆို့ထားကြတာ ဖြစ်ပြီး ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရသေ့တောင်မြို့နယ်တို့ကနေ စစ်ကောင်စီကို စစ်ရေးအရ ဖိအားပေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013