DVB Logo
Home
မြန်မာသတင်း
ကသာတွင် စစ်တပ် ကာကင်းစခန်းများနှင့် မြို့တဝက်နီးပါး တော်လှန်ရေးတပ်များ ထိန်းချုပ်
DVB
·
January 2, 2026
ကသာတွင် စစ်တပ် ကာကင်းစခန်းများနှင့် မြို့တဝက်နီးပါး တော်လှန်ရေးတပ်များ ထိန်းချုပ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကသာမြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ မြို့ထဲက နေရာတချို့ကို ထိန်းချုပ်လိုက်ပြီးနောက် ဇန်နဝါရီ ၂ ရက် ဒီနေ့အထိ ခမရ ၃၀၉ တပ်ရင်းတဝိုက်မှာ တိုက်ပွဲ ဆက်ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။

မြို့ထဲက ဌာနဆိုင်ရာရုံးတွေနဲ့ မြို့အဝင်အထွက် နေရာတွေမှာ စခန်းချထားတဲ့ စစ်ကောင်စီရဲ့ ကာကင်းစခန်းတချို့ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး ကသာရဲ့ အဓိက ပင်မ တပ်ရင်းဖြစ်တဲ့ ခြေမြန်တပ်ရင်း ခမရ ၃၀၉ တပ်ရင်းကိုလည်း ပိတ်ဆို့ပြီး တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

မြို့တဝက်လောက်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ထိန်းချုပ်လိုက်ပြီး စစ်ကောင်စီလည်း လေကြောင်းနဲ့ ဆက်တိုက် တန်ပြန်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က DVB ကို ပြောပါတယ်။

“လက်ရှိအထိက တိုက်ပွဲက ပြင်းထန်နေဆဲပါပဲ။ လေကြောင်း တိုက်ခိုက်မှုတွေလည်း ဆက်တိုက် လုပ်နေတယ်။ ၃၀၉ တပ်ရင်းကိုလည်း တော်လှန်ရေးတပ်တွေ ဝိုင်းထားတယ်လို့ သိရတယ်။ မြို့ထဲက ဌာနဆိုင်ရာ ရုံးတချို့ကို သိမ်းပိုက်ထားတယ်။ မြို့တဝက်လောက်ကို ရပြီလို့ အကြမ်းဖျင်း သိရတယ်။ မြို့ထဲက ပြည်သူတွေလည်း တော်တော်များများ ထွက်ကုန်ကြပြီး တချို့ အနည်းကျဉ်းလောက်ပဲ ကျန်တော့တယ်။”

ပြီးခဲ့တဲ့ နှစ်တွေကတည်းက စစ်ကောင်စီတပ်က ခမရ ၃၀၉ တပ်ရင်းမှာ စစ်အင်အားကို ၃၀၀ ခန့် တိုးချဲ့ထားပြီး မြို့ကို အလုံးစုံထိန်းချုပ်နိုင်ဖို့အတွက် ၃၀၉ တပ်ရင်းကို သိမ်းနိုင်ဖို့ အရေးကြီးတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၃၁ ရက်နဲ့ ဇန်နဝါရီ ၂ ရက်နေ့မှာ ဒေသခံ အများအပြား မြို့ထဲကနေ တိမ်းရှောင်လာတဲ့ အထဲက Non-CDM ဝန်ထမ်း ၅၀ ခန့်ကိုလည်း တော်လှန်ရေးတပ်တွေက စိစစ် ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

လက်ရှိ မြို့ထဲပိတ်မိနေတဲ့ ဒေသခံ အများစုလည်း နီးစပ်ရာ ဘေးလွတ်ရာတွေကို တိမ်းရှောင်ကုန်ကြပြီလို့ ကသာ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

“တိုက်ပွဲ စဖြစ်ဖြစ်ခြင်းက ဘယ်သူမှ မပြေးနိုင်ကြဘူး၊ မြို့အဝင်မှာ စစ်ကောင်စီက ပိတ်ထားတာ။ ဒါပေမဲ့ ၃၁ ရက်နေ့မှာ တော်လှန်ရေးအဖွဲ့တွေက မြို့ရဲ့ အဝင်ပေါက်ကို ဝင်စီးနိုင်လိုက်တယ်။ မြို့ထွက်လို့ရပြီဆိုတော့ ကျနော်တို့က ရသမျှပစ္စည်း ကောက်ယူပြီး ထွက်လာခဲ့ကြတာ။ မြို့ထဲက ထွက်လာတဲ့ လူတန်းက တော်တော်များများတော့ သွားတာတောင် တလှိမ့်ခြင်း သွားရတာ။ မြို့ထဲမှာ ကျန်ခဲ့တဲ့သူတွေလည်း ရှိသေးတယ်။ အဓိကတော့ အသက်ကြီးပိုင်းနဲ့ ငွေကြေးမတတ်နိုင်တဲ့သူတွေပေါ့။”

ကသာက တိမ်းရှောင်လာတဲ့ ဒေသခံတွေဟာ အင်းတော်၊ မော်လူး၊ ကချင်နဲ့ မန္တလေးဘက်တွေကို စစ်ဘေးရှောင်နေကြပြီး စစ်ဘေးဒုက္ခသည် တသိန်းအထက်မှာ ရှိနိုင်တယ်လို့ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း အပါဝင် ဒေသခံတွေ နေအိမ်တွေ မီးလောင်းပျက်စီးမှုတွေ ရှိခဲ့ပြီး ကိုယ်စီ ဝရုန်းသုန်းကား ထွက်ပြေးတိမ်းရှောင်နေတဲ့အချိန် ဖြစ်တာကြောင့် လူထိခိုက်သေဆုံး ရှိမရှိကိုတော့ မသိရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

မြန်မာပြည် အထက်ပိုင်းနဲ့ အလယ်ပိုင်းကို ရေကြောင်း၊ ကုန်းကြောင်းနဲ့ ဆက်သွယ်ထားပြီး ခရိုင်မြို့ အခြေစိုက်တဲ့ ကသာမြို့ဟာ နှစ်ဖက်တပ်အတွက် စစ်ရေးမဟာဗျူဟာအရ အလွန်အရေးပါတဲ့ မြို့ဖြစ်တယ်လို့ စစ်ရေးသုံးသပ်သူတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013