DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းက တနေ့ ဒရုန်း အခု ၂,၀၀၀ ထုတ်လုပ်နိုင်၊ ယူကရိန်းနှင့် ဗြိတိန် လုံခြုံရေးကိစ္စ သဘောတူ
DVB
·
January 1, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ယူကရိန်းနိုင်ငံဟာ တနေ့ကို ကြားဖြတ်တိုက်ခိုက်ရေးဒရုန်း အခု ၂,၀၀၀ လောက် ထုတ်လုပ်နိုင်စွမ်း ရှိနေပြီး မိတ်ဖက်နိုင်ငံတွေရဲ့ ကာကွယ်ရေးကဏ္ဍကို အားဖြည့်ဖို့အတွက် အဲဒီပမာဏရဲ့ တဝက်လောက်ကို ထောက်ပံ့ပေးနိုင်တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ဗြိတိန်ပါလီမန်မှာ ပြောပါတယ်။

လက်ရှိမှာလည်း ယူကရိန်း လေကြောင်းကာကွယ်ရေး ကျွမ်းကျင်သူ ၂၀၀ ကျော်ကို အရှေ့အလယ်ပိုင်းဒေသကို စေလွှတ်ထားပြီးဖြစ်သလို ရေအောက်ဒရုန်းတွေနဲ့ သမုဒ္ဒရာတွေထဲ လည်ပတ် သုံးစွဲနိုင်တဲ့ ဒရုန်းနည်းပညာတွေကိုလည်း အရှိန်အဟုန်နဲ့ တီထွင်နေပြီလို့လည်း သူက ဆိုပါတယ်။ 

အီရန်စစ်ပွဲကြောင့် ရေနံဈေးနှုန်းတွေ မြင့်တက်လာတာက မော်စကိုအတွက် အကျိုးအမြတ် ရရှိနေချိန်မှာပဲ ဗြိတိန်နဲ့ ယူကရိန်းတို့ကလည်း ဒရုန်းနည်းပညာတွေကို ပြည်ပနိုင်ငံတွေကို အတူတကွ ရောင်းချဖို့ ဒီခရီးစဉ်အတွင်းမှာ သဘောတူညီခဲ့ကြပါတယ်။

NATO အတွင်းရေးမှူးချုပ် မာ့ခ်ရူတေကလည်း ဒရုန်းတွေ၊ ဆက်စပ်နည်းပညာတွေနဲ့  ယူရို-အတ္တလန္တိတ် လုံခြုံရေးကိစ္စရပ်တွေကို ဆွေးနွေးမဲ့ အစည်းအဝေးမှာ ပါဝင်ခဲ့ပြီး ယူကရိန်းရဲ့ နည်းပညာပိုင်း အရေးပါမှုကို အတည်ပြုခဲ့ပါတယ်။

ရုရှားရဲ့ အပြည့်အဝ ကျူးကျော်မှု စတင်ပြီး ၄ နှစ်အတွင်းမှာ ယူကရိန်းဟာ ဒရုန်းနဲ့ ဒရုန်းဖျက် နည်းပညာတွေမှာ ကမ္ဘာ့အဆင့် ဦးဆောင်နိုင်ငံအဖြစ် ရပ်တည်လာခဲ့ပါတယ်။

အမေရိကန်နဲ့ သူ့ မဟာမိတ်တွေဟာ အရှေ့အလယ်ပိုင်းတလွှားရှိ ပစ်မှတ်တွေပေါ်ကို မိုးရွာချသလို တိုက်ခိုက်နေတဲ့ အီရန်ရဲ့ ရှားဟဒ် ဒရုန်းတွေကို တွန်းလှန်ဖို့အတွက် သူတို့ရဲ့အကူအညီကို ရှာဖွေနေကြပြီလို့ ကိယက်ဗ်အစိုးရနဲ့ ဒေသခံ ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီတွေက ပြောပါတယ်။

လက်တွေ့ စစ်မြေပြင်မှာလည်း ယူကရိန်း ပုဂ္ဂလိကကုမ္ပဏီ Wild Hornets တီထွင်ထားတဲ့ STING ကြားဖြတ်ဒရုန်းတွေဟာ ရုရှားရဲ့ ရှားဟဒ် ဒရုန်းတွေကို မြန်နှုန်းမြှင့် လိုက်လံဖျက်ဆီးနိုင်ပါတယ်။

ယူကရိန်းထုတ် ကြားဖြတ်ဒရုန်းတွေဟာ ဈေးနှုန်းသက်သာပြီး ထိရောက်မှု မြင့်မားတာကြောင့် ကာကွယ်ရေးစနစ်တွေမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။

တနာရီ ကီလိုမီတာ ၂၈၀ နှုန်းနဲ့ ပျံသန်းနိုင်တဲ့ ယူကရိန်းရဲ့ STING ကြားဖြတ်ဒရုန်းတွေဟာ ရုရှားရဲ့ လေးလံတဲ့ ရှားဟဒ် ဒရုန်းဗားရှင်းတွေကို လိုက်လံတိုက်ခိုက်ရာမှာ အလွန်ထိရောက်ပြီး အမေရိကန်ရဲ့ ဒေါ်လာသန်းချီတန် ပက်ထရီယော့ထ် ဒုံးကျည်တွေနေရာမှာ ကုန်ကျစရိတ် နည်းနည်းနဲ့ အစားထိုးနိုင်တဲ့ လက်နက်တွေ ဖြစ်လာပါတယ်။

၂၀၂၅ ခုနှစ် ဇွန်လမှာ ဒရုန်းတွေကို ပုံမှန်ထုတ်လုပ်ချိန်ကစပြီး STING ဒရုန်းဟာ ရုရှားရဲ့ ရှားဟဒ်ဒရုန်း ၃,၀၀၀ ကျော်ကို ပစ်ချနိုင်ခဲ့တယ်လို့ Wild Hornets ကုမ္ပဏီက ပြောပါတယ်။ လစဉ် ဒရုန်းပေါင်း ၁၀,၀၀၀ ကျော် ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။

အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ကူညီပေးတဲ့အနေနဲ့ ငွေကြေးနဲ့ နည်းပညာကို ပြန်လည်ရရှိဖို့ ကိယက်ဗ်က မျှော်လင့်ကြောင်း သမ္မတ ဇလန်းစကီးက ပြီးခဲ့တဲ့အပတ်မှာ ပြောကြားခဲ့ပြီး လေကြောင်း ကာကွယ်ရေး ကျွမ်းကျင်သူအဖွဲ့ ၃ ဖွဲ့ကို အရှေ့အလယ်ပိုင်းကို စေလွှတ်ထားကြောင်းလည်း ထပ်လောင်းပြော ပါတယ်။

ဒါ့အပြင် ကိယက်ဗ်အစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ ဒရုန်းဖျက်ပစ္စည်းတွေကို သီးခြားရောင်းချဖို့ ကြိုးပမ်းနေတဲ့ ပြည်တွင်းကုမ္ပဏီတချို့နဲ့ နိုင်ငံခြားအစိုးရတွေကိုလည်း သမ္မတ ဇလန်းစကီးက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

ဒီအတောအတွင်း ယူကရိန်းနဲ့ ဗြိတိန်တို့ဟာ လုံခြုံရေးနဲ့ ကာကွယ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှုကို ပိုနက်ရှိုင်းစေဖို့ သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ဇလန်းစကီးက မတ် ၁၇ ရက်မှာ ဗြိတိန်ကို သွားလည်ပတ်ချိန်မှာ တယ်လီဂရမ်ကနေ ပြောပါတယ်။

သမ္မတရဲ့ သတင်းထုတ်ပြန်ရေးဌာနက ဇလန်းစကီး ရောက်လာပြီး ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာနဲ့ ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ်ရုံးမှာ တွေ့နေတဲ့ ဗီဒီယိုတခုကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခတွေ ရှိနေပေမဲ့ ယူကရိန်းအပေါ် အာရုံစိုက်ထားရမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကို ပြောခဲ့ပါတယ်။

လန်ဒန်မှာကျင်းပတဲ့ အစည်းအဝေးမှာ စတာမာနဲ့ ဇလန်းစကီးတို့ဟာ ဒရုန်းထောက်ပံ့မှုကို မြှင့်တင်ဖို့နဲ့ စစ်မြေပြင်မှာ ဉာဏ်ရည်တု AI ကို ထိထိရောက်ရောက် သုံးနိုင်ဖို့ ရည်ရွယ်တဲ့ စစ်ဘက်-စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အသစ်တရပ်ကို သဘောတူခဲ့တယ်လို့ ဒေါင်းနင်းလမ်းက ကြေညာချက်ထုတ်ပြန် ဖော်ပြထားပါတယ်။

ဒရုန်းထောက်ပံ့မှုကို မြှင့်တင်ဖို့ ယူကရိန်းရဲ့ ဒရုန်းကျွမ်းကျင်မှုက ဗြိတိန်ရဲ့ ထုတ်လုပ်မှု အခြေစိုက်စခန်းနဲ့ ပေါင်းစပ်လုပ်ကိုင်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ်မှာ ရုရှားကျူးကျော်မှုနောက်ပိုင်း ယူကရိန်းရဲ့ အကြီးမားဆုံး ထောက်ခံသူတွေထဲက တနိုင်ငံဖြစ်ခဲ့တဲ့ ဗြိတိန်ဟာ ဇလန်းစကီးအတွက် အဆက်မပြတ် ထောက်ခံ အားပေးခဲ့တဲ့အပြင် စစ်ဘက်ဆိုင်ရာပစ္စည်းတွေနဲ့ ခဲယမ်းမီးကျောက်တွေကိုလည်း ထောက်ပံ့ပေးခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013