DVB Logo
Home
မြန်မာသတင်း
စစ်တွေနှင့် ကျောက်ဖြူ၌ ကြိုတင်မဲများဖြင့်  ကြံ့ခိုင်ရေးပါတီက ရခိုင်ပါတီများကို  အနိုင်ရ
DVB
·
December 30, 2025
စစ်တွေနှင့် ကျောက်ဖြူ၌ ကြိုတင်မဲများဖြင့်  ကြံ့ခိုင်ရေးပါတီက ရခိုင်ပါတီများကို  အနိုင်ရ
Donate to DVB

စစ်တပ်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ပထမပိုင်းမှာ  စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက ကြိုတင်မဲတွေနဲ့ ရခိုင်ပါတီတွေကို အနိုင်ရရှိသွားတယ်လို့ ဒေသတွင်းရွေး ကောက်ပွဲစောင့် ကြည့်နေသူတွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၈ ရက်က စစ်ကောင်စီကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း ၁ ကို ရခိုင်ပြည်နယ်၊ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တွေမှာ ကျင်းပခဲ့တာပါ။

ရခိုင်အခြေစိုက် နိုင်ငံရေးပါတီတွေဖြစ်ကြတဲ့ ‌‌ဒေါက်တာအေးမောင်ရဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP) နဲ့ ဦးဘရှိန် ဦးဆောင်တဲ့ ရခိုင်တိုင်းရင်းသားများပါတီ (RNP ) တို့ စစ်တွေမြို့မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းနေရာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဒါပေမဲ့ စစ်အုပ်စုကျောထောနောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီကပဲ စစ်ကောင်စီဝန်ထမ်းတွေနဲ့ ရိုဟင်ဂျာတွေရဲ့ ကြိုတင်မဲတွေကြောင့် အနိုင်ရရှိသွားတယ်လို့ စစ်တွေ‌ဒေသခံ ရွေးကောက်ပွဲစောင့်ကြည့်နေသူတယောက်က ပြောပါတယ်။

“ကြံ့ခိုင်ရေးနိုင်ပါတယ် မဲအများဆုံးပါ။ ပြီးရင် ဒေါက်တာအေးမောင်တို့ပါတီ ဒုတိယနေရာမှာပါ။ ဦးဘရှိန်က တတိယနေရာမှာရှိနေတယ်လို့ကြားပါတယ်။ အဓိက ကြံ့ခိုင်ရေးနိုင်သွားတာက ကြိုတင်မဲတွေကြောင့်နိုင်သွားတာပါ။ အစိုးရဝန်ထမ်းတွေနဲ့ ရိုဟင်ဂျာတွေရဲ့ ကြိုတင်မဲပေးမှုတွေ ကြောင့်နိုင်သွားတာပါ။ စစ်တွေမြို့သားတွေက ဒေါက်တာအေးမောင်ကို ယုံကြည်မှုကင်းမဲ့သွားတာ ကြောင့်လည်းပါပါတယ်။ တဖက်မှာလည်း ဒီရွေးကောက်ပွဲကိုစိတ်မဝင်စားသလို မဲထည့်လည်း အပိုပါဘဲ ဆိုတဲ့သူတွေက တော့်တော့်ကိုများပါတယ်။ မထည့်ဘဲနေတဲ့သူတွေလည်း များပါတယ်။”

အလားတူ ကျောက်ဖြူမြို့နယ်မှာလည်း ရခိုင်နိုင်ငံရေးပါတီတွေက ရှုံးနိမ့်ပြီး အမျိုးသားလွှတ်တော်နေရာကို ကြံ့ခိုင်ရေးပါတီကသာ အနိုင်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မာန်အောင်မြို့နယ်မှာတော့ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်ကို ဒေါက်တာအေးမောင်ရဲ့ AFP က အနိုင်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော်နေရာကိုတော့ ဦးဘရှိန်ရဲ့ RNP က အနိုင်ရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တဖက်မှာလည်း ရခိုင်ကဒေသခံတွေဟာ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို မလိုလားတဲ့ အတွက် မဲပေးတဲ့သူနည်းပါးလို့ စစ်တပ်ပါတီအနိုင်ရရှိသွားတာပါလို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောပါတယ်။

“ရခိုင်ပြည်မှာ ရခိုင်ပြည်သူတွေအနေနဲ့က အတုအယောင်ရွေးကောက်ပွဲကို မလိုလားဘူး။ စစ်အာဏာရှင်ရဲ့ ထွက်ပေါက်ကိုလည်း မပေးဘူး။ အဲချိန်မှာ ရခိုင်မှာက အတုအယောင်ရွေးကောက်ပွဲ ကျင်းပလာတဲ့အခါမှာသူ့ရဲ့အမှုထမ်းတွေ၊ ဝန်ထမ်းတွေ ပြောရမယ်ဆို မအလရဲ့ အပေါင်းအပါတွေရဲ့ မဲတွေနဲ့ကို ကြံ့ဖွံ့အနိုင်ရသွားတယ်လို့ ပြောရပါမယ်။ ရခိုင်ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်မှုက အင်မတန်နည်းသွားပြီး မဲမပေးတဲ့အတွက် ကြံ့ဖွံ့နိုင်သွားတာလို့ ပြောလို့ရပါတယ်။”

စစ်တပ်ဟာ ရွေးကောက်ပွဲမကျင်းပခင်ကတည်းက စစ်တွေမြို့နယ်ရှိ ရိုဟင်ဂျာဒေသခံတွေကို မှတ်ပုံတင်ကတ်ပြားလုပ်ပေးပြီး မဲပေးဖို့ စည်းရုံးပြောဆိုခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြ ချက်အရသိရပါတယ်။

အလားတူ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကလည်း စစ်တပ်ကျင်းပတဲ့ရွေးကောက်ပွဲ ဖြစ်တဲ့အတွက် စစ်တပ်လိုချင်တဲ့ ရလဒ်ပဲဖြစ်လာမယ်ဆိုတာ သိပြီးသားပါလို့ ဆိုပါတယ်။

“ကျမတို့အမြင်ကတော့ ရှင်းရှင်းလေးပါ။ အဲလိုဖြစ်မယ်ဆိုတာ စကတည်းကမြင်ပါတယ်။ စိတ်လည်း သိပ်မဝင်စားပါဘူး၊ ဒီရွေးကောက်ပွဲကို ကျမတို့ လုံးဝကန့်ကွက်ထားတဲ့ အနေအထားမှာရှိနေတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့က လက်လည်းမခံဘူး။ ဒီလောက် လူတွေသေကျေပျက်စီးနေကြတဲ့ အချိန်မှာ မြန်မာတနိုင်ငံလုံးအနေအထားပေါ့နော် အဲလိုအခြေအနေမျိုးမှာ ရွေးကောက်ပွဲလုပ်မယ်ဆို ကတည်းက သူတို့ရဲ့ထွက်ပေါက်အတွက် သူတို့မှာကြိုတင်ကြံစည် Plan ချထားပြီးပြီဆိုတာ ပြည်သူအားလုံးနားလည်ပါလိမ့်မယ်။”

ရခိုင်က ရွေးကောက်ပွဲရလဒ်နဲ့ အခြေအနေတွေနဲ့ ပတ်သတ်ပြီး သိရှိနိုင်ဖို့အတွက် ဒေါက်တာအေးမောင်နဲ့ ဦးဘရှိန်တို့ကို DVB က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမျိုး မရှိပါဘူး။

ဒါပေမဲ့ဒေါက်တာအေးမောင်က CNI သတင်းဌာနကို ဖြေဆိုရာမှာ ရွေးကောက်ပွဲမှာ သူရှုံးနိမ့်ခဲ့တာ မှန်ကန်ပြီး ရွေးကောက်ပွဲ ကျင်းပနေတဲ့ အချိန်အထိ မဲစာရင်းက မှန်ကန်မှုမရှိဘဲ အပြောင်းအလဲတွေ အများကြီး ဖြစ်ပေါ်နေကာ စစ်တပ်ရဲ့ ကြိုတင်မဲနဲ့ မွတ်ဆလင်တွေရဲ့ မဲတွေကို မရရှိခဲ့တာကြောင့် ရှုံးနိမ့်ခဲ့တာလို့ ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ  AA ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၄ ခုမှာ ရွေးကောက်ပွဲကျင်းပနိုင်တာမရှိဘဲ စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့နယ် ၃ ခုမှာဘဲ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂ သိန်းနီးပါးနဲ့ မဲရုံပေါင်း ၁၆၄ ခုမှာ ကျင်းပသွားခဲ့တာပါ။ 

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013