
အဆိုတော် ဘီယွန်းဆေးဟာ အသက် ၄၄ နှစ်အရွယ်မှာ ဂီတနယ်ပယ်က ပဉ္စမမြောက် ဘီလီယံနာသူဌေး ဖြစ်လာခဲ့တယ်လို့ Forbes မဂ္ဂဇင်းက ဖော်ပြပါတယ်။
ဂရမ်မီဆု အများဆုံးရထားတဲ့ ဘီယွန်းဆေးရဲ့ Cowboy Carter ဖျော်ဖြေရေးခရီးစဉ်ဟာ လက်မှတ်အရောင်းကနေ ဒေါ်လာ သန်း ၄၀၀ နဲ့ အမှတ်တရပစ္စည်း ရောင်းချရမှုကနေ ဒေါ်လာ သန်း ၅၀ အထိ ရရှိခဲ့ပြီးနောက် အခုလို ကြွယ်ဝလာတာပါ။
ဒါ့အပြင် ၂၀၂၄ ခုနှစ် NFL ခရစ္စမတ်ပွဲတော် ဖျော်ဖြေမှုကနေ ဒေါ်လာ သန်း ၅၀ နဲ့ Levi's ကြော်ငြာတွေကနေ ဒေါ်လာ ၁၀ သန်းလောက် ဝင်ငွေရရှိခဲ့ပါသေးတယ်။
ခင်ပွန်းဖြစ်သူ ဂျေးဇီး ကတော့ ၂၀၁၉ ခုနှစ်မှာကတည်းက ဂီတလောကရဲ့ ပထမဆုံး ဘီလီယံနာအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဖြစ်ပါတယ်။
အခုအခါ ဘီယွန်းဆေးဟာ ရီဟားနား၊ ဘရုစ်စပရင်းစတင်းန်၊ တေလာဆွစ် တို့နဲ့အတူ ဘီလီယံနာစာရင်းဝင် ဖြစ်လာခဲ့ပါပြီ။
ဘီယွန်းဆေးဟာ ဂီတလုပ်ငန်းတွေအပြင် Parkwood Entertainment ကုမ္ပဏီ၊ Cécred ဆံကေသာထုတ်ကုန်နဲ့ SirDavis ဝီစကီလုပ်ငန်းတွေကနေလည်း ဝင်ငွေရရှိနေတာ ဖြစ်ပါတယ်။
“ဖျော်ဖြေရေးနယ်ပယ်မှာ အားကစားကွင်းပြည့် လက်မှတ်ရောင်းနိုင်တဲ့ ဂီတပညာရှင်လောက် ဝင်ငွေကောင်းတဲ့ လုပ်ငန်းမျိုး မရှိသလောက်ပါပဲ” လို့ Forbes မဂ္ဂဇင်းက ရေးသားဖော်ပြပါတယ်။
၂၀၂၅ ခုနှစ် စာရင်းတွေအရ ကမ္ဘာတဝန်းမှာ ဘီလီယံနာပေါင်း ၃,၀၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။
Source:Reuters










