DVB Logo
Home
မြန်မာသတင်း
ဒေါက်တာအေးမောင် နှင့် ဦးဘရှိန် တို့ မဲရှုံး 
DVB
·
December 30, 2025
ဒေါက်တာအေးမောင် နှင့် ဦးဘရှိန် တို့ မဲရှုံး 
Donate to DVB

ရခိုင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီတွေဖြစ်ကြတဲ့ ‌‌ဒေါက်တာအေးမောင်ရဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP) နဲ့ ဦးဘရှိန် ဦးဆောင်တဲ့ ရခိုင်တိုင်းရင်းသားများပါတီတွေဟာ စစ်တပ်ပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီကို ရခိုင်ပြည်နယ် ၃ မြို့နယ်မှာ ရှုံးနိမ့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေါက်တာအေးမောင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ စစ်တွေမြို့နယ်မှာလည်း ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိခဲ့သလို ဦးဘရှိန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကျောက်ဖြူမြို့နယ်မှာလည်း ကြံ့ခိုင်ရေးပါတီကသာ အနိုင်ရရှိခဲ့တာကြောင့် ရခိုင်နိုင်ငံရေးပါတီ ခေါင်းဆောင် ၂ ယောက်ဟာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

တရားဝင်မဲရလဒ်တွေ ကြေညာတာ မရှိသေးပေမဲ့ မာန်အောင်မြို့နယ်မှာတော့ အမျိုးသား လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်ကို ဒေါက်တာအေးမောင်ရဲ့ AFP က အနိုင်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော် နေရာကို ဦးဘရှိန်ရဲ့ RNP က အနိုင်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တို့မှာ စစ်ကောင်စီတပ်သားတွေနဲ့ မွတ်ဆလင်တွေက ကြံ့ခိုင်ရေးကို မဲပေးခဲ့ကြတာကြောင့် ရခိုင်နိုင်ငံရေးသမားတွေ အရှုံးနဲ့ ရင်ဆိုင်ခဲ့ကြရတာလို့ စစ်တွေမြို့က ရွေးကောက်ပွဲ စောင့်ကြည့်နေတဲ့ လူငယ်အမျိုးသားတယောက်က ပြောပါတယ်။

“စစ်တွေမှာနဲ့ ကျောက်ဖြူမှာ ကြံ့ခိုင်ရေးက ရာနှုန်းပြည့် အနိုင်ရသွားတယ်လို့ သိရတယ်။ ဒေါက်တောအေးမောင် ရော ဦးဘရှိန်ပါ ရှုံးတယ်။ မာန်အောင်ကတော့ AFP က ၂ နေရာနိုင်ပြီးတော့ RNP က တနေရာ အနိုင်ရတယ်လို့ သိထားရတယ်။ စစ်တွေနဲ့ ကျောက်ဖြူမှာက မြို့ပေါ် လူထုက သိပ်မရှိတော့ဘူး။ ရှိနေတဲ့လူတွေကလည်း ရွေးကောက်ပွဲကို သိပ်ယုံကြည်တာမျိုး မရှိဘူးလေ။ အဲဒီအခါ စစ်တပ်က ကြိုတင်မဲနဲ့ မွတ်ဆလင်တွေရဲ့ ဆန္ဒမဲတွေကို ရခိုင်နိုင်ငံရေးသမားတွေ မရတော့ အရှုံးနဲ့ ရင်ဆိုင်လိုက်ရတာဖြစ်တယ်။”

စစ်ကောင်စီဟာ ရွေးကောက်ပွဲမကျင်းပမီ လပိုင်းအလိုက မွတ်ဆလင်တွေကို နိုင်ငံသားမှတ်ပုံတင်ကတ် ထုတ်ပေးပြီး ကြံ့ခိုင်ရေးပါတီကို မဖြစ်မနေ မဲပေးရမယ်လို့ အကျပ်ကိုင် မဲဆွယ်ခဲ့တယ်လို့လည်း ရွေးကောက်ပွဲစောင့်ကြည့်နေသူတွေက ပြောပါတယ်။

ဒေါက်တာအေးမောင်နဲ့ ဦးဘရှိန်တို့ကို ရွေးကောက်ပွဲရလဒ်နဲ့ အခြေအနေတွေကို သိရှိရဖို့ DVB က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမျိုး မရှိပါဘူး။

ဒါပေမဲ့ လက်ရှိကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ သူရှုံးနိမ့်ခဲ့တာ မှန်ကန်ပြီး ရွေးကောက်ပွဲ ကျင်းပနေတဲ့ အချိန်အထိ မဲစာရင်းက မှန်ကန်မှုမရှိဘဲ အပြောင်းအလဲတွေ အများကြီး ဖြစ်ပေါ်နေကာ စစ်တပ်ရဲ့ ကြိုတင်မဲနဲ့ မွတ်ဆလင်တွေရဲ့ မဲတွေကို မရရှိခဲ့တာကြောင့် ရှုံးနိမ့်ခဲ့တာလို့ ဒေါက်တာအေးမောင်က CNI သတင်းဌာနကို ပြောပါတယ်။

ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ပထမပိုင်းမှာ ရခိုင်လူထုတွေက ဆန္ဒမဲ မပေးခဲ့ကြတာကလည်း ရခိုင်နိုင်ငံရေးခေါင်းဆောင်တွေ ရှုံးနိမ့်စေခဲ့တဲ့ အဓိက အကြောင်းအရင်းတခု ဖြစ်စေခဲ့တယ်လို့ ရခိုင်နိုင်ငံရေးအကဲခတ်တယောက်က ထပ်ပြောပါတယ်။

“စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဝင်ပြိုင်တဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ ရခိုင်ပြည်နိုင်ငံရေးရေချိန် အခြေအနေကို မျက်ကွယ်ပြုပြီးတော့ ရွေးကောက်ပွဲဝင်ပြိုင်ကြတာ ဖြစ်တယ်။ ရခိုင်ပြည်သူတွေဟာ ရွေးကောက်ပွဲကို လက်မခံတော့ဘူးဆိုတာ သူတို့ သိဖို့ကောင်းတယ်။ စစ်တပ်ကလုပ်တဲ့ ရွေးကောက်ပွဲက စစ်တပ်နိုင်တာ မဆန်းပါဘူး။ ကျနော်တို့ သိသလောက် မဲစာရင်းမှာပါတဲ့ လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းလောက်သာ မဲပေးကြပြီးတော့ စစ်တပ်နဲ့ မွတ်ဆလင်တွေက ကြံ့ဖွတ်ကို မဲပေးမှု ရာခိုင်နှုန်း အပြည့်နီးပါး ရှိခဲ့တာကြောင့် ရခိုင်ပါတီတွေ ရှုံးနိမ့်ရတာ။ အခုဆို ရခိုင်ပါတီ ခေါင်းဆောင်တွေလည်း အိမ်ဖြည့်အဆင့်လောက်ပဲ သူတို့ကို သဘောထားတာ နားလည်လောက်ပါပြီ” လို့ ပြောပါတယ်။

ဒေါက်တာအေးမောင်နဲ့ ဦးဘရှိန်တို့ဟာ စစ်တပ် အာဏာသိမ်းတာကို အားပေးထောက်ခံခဲ့သလို  လက်ရှိ ရခိုင်ပြည်အတွင်းက တော်လှန်ရေးကို ရှုတ်ချထားကြသူတွေ ဖြစ်ကြပြီး စစ်ကောင်စီ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးလုပ်သွားမယ်လို့ ပြောဆိုထားသူကြတွေလည်း ဖြစ်ကြပါတယ်။

ရခိုင်ပြည်နယ်မှာ အခုရွေးကောက်ပွဲအတွင်း ရွေးကောက်ပွဲကျင်းပနိုင်တဲ့ မြို့နယ်အဖြစ် စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ် ၃ ခုသာရှိပြီး AA ထိန်းချုပ်မြို့နယ် ၁၄ ခုနဲ့ ပလက်ဝမြို့နယ်တို့မှာ ရွေးကောက်ပွဲ ကျင်းပနိုင်တာ မရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013