DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းငြိမ်းချမ်းရေး နီးစပ်လာသော်လည်း ဆူးငြောင့်ခလုတ်ရှိသေးဟု ထရမ့်ပ်ပြော
DVB
·
December 29, 2025
ယူကရိန်းငြိမ်းချမ်းရေး နီးစပ်လာသော်လည်း ဆူးငြောင့်ခလုတ်ရှိသေးဟု ထရမ့်ပ်ပြော
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးနဲ့ ဖလော်ရီဒါပြည်နယ်မှာ  တွေ့ဆုံခဲ့အပြီးမှာ ငြိမ်းချမ်းရေးရဖို့ အင်မတန်နီးစပ်နေပြီဖြစ်ပေမဲ့ နယ်မြေကိစ္စကတော့ မပြေလည်သေးဘူးလို့ ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၂၈ ရက်နေ့ တွေ့ဆုံဆွေးနွေးမှုဟာ အင်မတန်ကောင်းမွန်ခဲ့တယ်လို့ သမ္မတ ၂ ယောက် စလုံးက ပြောခဲ့ပေမဲ့ “ဆူးငြောင့်ခလုတ် တခု၊ နှစ်ခု” လောက်တော့ ရှိနေသေးပြီး အထင်ရှားဆုံးကတော့ နယ်မြေကိစ္စဖြစ်တယ်လို့ ထရမ့်ပ်က မှတ်ချက်ပေးခဲ့ပါတယ်။

မာရာလာဂိုးစခန်းမှာ တွေ့ဆုံခဲ့ကြပြီးတဲ့နောက် အချက် ၂၀ ငြိမ်းချမ်းရေးအစီအစဉ်ရဲ့ ၉၀ ရာခိုင်နှုန်းလောက် သဘောတူပြီလို့ ဇလန်းစကီးက ပြောကြားခဲ့သလို ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်ကလည်း ၉၅ ရာခိုင်နှုန်းနီးပါး ပြီးစီးပြီလို့ ထရမ့်ပ်က ပြောပါတယ်။

ရုရှားဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို အလုံးစုံကျူးကျော်ခဲ့ပြီး လက်ရှိမှာ ယူကရိန်းနယ်မြေ ၂၀ ရာခိုင်နှုန်းလောက် ရုရှားက ထိန်းချုပ်ထားပါတယ်။

ထရမ့်ပ်က “တချို့နယ်မြေတွေက သိမ်းပြီးသွားပါပြီ။ တချို့နယ်မြေတွေကတော့ ရယူဖို့ ရှိနိုင်ပါတယ်။ ဒါပေမဲ့ လနဲ့ချီပြီးတော့လည်း ကြာနိုင်ပါတယ်” လို့ ဆိုပါတယ်။

မော်စကိုဟာ လက်ရှိမှာ ဒွန်ညက်စ်ဒေသ ၇၅ ရာခိုင်နှုန်း၊ လူဟန့်စ်ခ်ဒေသ ၉၉ ရာခိုင်နှုန်းအထိ ထိန်းထားနိုင်ပြီး ဒေသ ၂ ခုကို ပေါင်းပြီးတော့ ဒွန်ဘက်စ်ဒေသကြီးလို့ ခေါ်တာဖြစ်ပါတယ်။

ဒွန်ဘက်စ်မှာရှိတဲ့ ယူကရိန်း ဆက်ထိန်းထားနိုင်သေးတဲ့ နေရာအနည်းငယ်ကပါ ဆုတ်ခွာပေးဖို့ ရုရှားဘက်က တောင်းဆိုထားပါတယ်။ ယူကရိန်းကတော့ အဲဒီဧရိယာကို သူတို့ကြီးကြပ်တဲ့ လွတ်လပ်တဲ့ အထူးစီးပွားရေးဇုန် ဖြစ်ရမယ်လို့ တောင်းဆိုထားပါတယ်။

ထရမ့်ပ်ဟာ ယူကရိန်းဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေနဲ့ပတ်သက်ပြီး သူ့ရပ်တည်ချက်ကို ထပ်တလဲလဲ ပြောင်းလဲခဲ့ပါတယ်။

စက်တင်ဘာတုန်းကတော့ ယူကရိန်းက ပြန်ယူကောင်းယူနိုင်မယ်လို့ ပြောခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ ရပ်တည်ချက် ပြောင်းသွားပြန်ပါတယ်။

အခုလည်း ယူကရိန်းအတွက် လုံခြုံရေးအာမခံချက် ၉၅ ရာခိုင်နှုန်းပြီးပြီ ပြောနေပေမဲ့ နောင်မှာ ရုရှားက တိုက်ခိုက်မလာအောင် ထောက်ပို့အကူအညီ၊ တပ်ချထားမှု ဘာကိုမှ တရားဝင် ကတိကဝတ် ပေးမထားပါဘူး။

ဇလန်းစကီးနဲ့ မတွေ့ဆုံခင်မှာ ထရမ့်ပ်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဖုန်းဆက်သွယ်ပြီး ၂ နာရီကျော်ကြာ စကားပြောဆိုခဲ့ပါသေးတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013