ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ အော်သိုဒေါ့စ် အီစတာပွဲတော်ကာလ ၂ ရက်တာအတွက် အပစ်အခတ်ရပ်စဲရေးကို ဧပြီ ၉ ရက်မှာ ကြေညာလိုက်ပြီး ယူကရိန်းဘက်ကလည်း အလားတူ လုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ကရင်မလင်နန်းတော်က ပြောပါတယ်။
ကရင်မလင်ရဲ့ ကြေညာချက်ထဲမှာ “နီးကပ်လာပြီဖြစ်တဲ့ အော်သိုဒေါ့စ် ခရစ္စမတ်အားလပ်ရက်နဲ့ ပတ်သက်ပြီး ဧပြီ ၁၁ ရက် ညနေ ၄ နာရီကနေ ဧပြီ ၁၂ ရက်နေ့ကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာပါတယ်” လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် “ယူကရိန်းဘက်ကလည်း ရုရှားရဲ့ ဥပမာကို လိုက်နာလိမ့်မယ်လို့ အခြေခံအားဖြင့် ယူဆပါတယ်” လို့လည်း ဆိုပါတယ်။
ဒီကာလအတွင်း စစ်မျက်နှာအားလုံးမှာ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်တန့်ထားဖို့ ကာကွယ်ရေးဝန်ကြီး အန်ဒရေးဘယ်လိုဆော့ဗ်က စစ်ဦးစီးချုပ် ဗာလယ်ရီ ဂီရာစီမော့ဗ်ကို အမိန့်ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ “ရန်သူ့ဘက်က ရန်စတာတွေ ဒါမှမဟုတ် ရန်လိုတဲ့လုပ်ရပ်တွေ ရှိလာရင်တော့ နှိမ်နင်းဖို့ တပ်ဖွဲ့ဝင်တွေ အသင့်ရှိနေရမယ်” လို့လည်း ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။
ဒီကြေညာချက်အပေါ် ယူကရိန်းဘက်က ချက်ချင်း မတုံ့ပြန်သေးပါဘူး။ ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ အီစတာမှာ အပစ်ရပ်ဖို့ ကမ်းလှမ်းနေတာ တပတ်ကျော်နေပြီဖြစ်ပေမဲ့ မော်စကိုဘက်က ယူကရိန်းမြို့တွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်ပြီး တုံ့ပြန်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံလုံးမှာ အဓိက ယုံကြည်ကိုးကွယ်ကြတဲ့ အော်သိုဒေါ့စ် ဘာသာရေးပြက္ခဒိန်အရ ဒီနှစ်ရဲ့ အီစတာပွဲတော်ဟာ ဧပြီ ၁၂ ရက်နေ့ ကျရောက်တာ ဖြစ်ပါတယ်။
Source: Reuters










