DVB Logo
Home
မြန်မာသတင်း
အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံတကာသတင်းမီဒီယာတွေ ဘယ်လိုပုံဖော်ရေးကြသလဲ
DVB
·
December 28, 2025
အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံတကာသတင်းမီဒီယာတွေ ဘယ်လိုပုံဖော်ရေးကြသလဲ
Donate to DVB

ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်မှာ စတင်နေတဲ့  အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို နိုင်ငံတကာ သတင်းမီဒီယာတွေက ခေါင်းစဉ်အမျိုးမျိုး၊ သုံးသပ်ပုံအမျိုးမျိုးနဲ့ ပုံဖော်ရေးသားထားကြတာကို တွေ့ရပါတယ်။

အမေရိကန် အခြေစိုက် The Washington Post သတင်းစာက ‘စစ်တပ် အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ ၅ နှစ်အတွင်း ပထမဆုံးရွေးကောက်ပွဲအတွက် မဲရုံတွေဖွင့်လှစ်’ လို့ ခေါင်းကြီးပေး ဖော်ပြထားတာကို တွေ့ရပြီး Al Jazeera သတင်းကတော့ ‘စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပနေချိန်မှာ မြန်မာ့ပြည်တွင်းစစ် ဘာတွေဖြစ်ပျက်နေသလဲ’ လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

စင်ကာပူ သတင်းစာတစောင်ဖြစ်တဲ့ The Straits Times မှာတော့ ‘မြန်မာ့ရွေးကောက်ပွဲက အတုအယောင် ဖြစ်တယ်လို့ လှောင်ပြောင်ခံနေရပေမဲ့ နိုင်ငံရဲ့ ဆင်းရဲဒုက္ခတွေကတော့ အစစ်အမှန် ဖြစ်နေတယ်’ လို့ သတင်းခေါင်းစဉ်ပေးထားခဲ့တာပါ။

စစ်တပ်က တဖက်သတ်ကျင်းပမဲ့ ဒီရွေးကောက်ပွဲကို တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အား စုတွေက ထုတ်ပြန်ထားသလို ဒီဇင်ဘာ ၁၀ ရက်နေ့ကလည်း မြန်မာနိုင်ငံ အနှံ့အပြားမှာ အသံတိတ်သပိတ် ဆင်နွှဲပြီး ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြသခဲ့ကြပြီး ဒီကနေ့မှာလည်း ပြည်သူတွေဟာ မဲမပေးရေး အသံတိတ်သပိတ်ကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းမှာတင် ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က ကျင်းပမဲ့ ရွေးကောက်ပွဲအကြိုကာလအတွင်း ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နိုင်တဲ့အကြောင်း သတိပေးထားပါတယ်။

ရွေးကောက်ပွဲကို ဝေဖန်ရုံသက်သက်လောက်ကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တဲ့ ဥပဒေတရပ်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ပြဋ္ဌာန်းခဲ့သလို အဲဒီဥပဒေနဲ့ ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်နိုင်ပြီး သေဒဏ်လည်း ချမှတ်နိုင်ပါတယ်။

ဒီဥပဒေရဲ့ အမည်အပြည့်အစုံကတော့ “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” ဖြစ်ပြီး မြန်မာပြည်သူတွေ ကြားမှာတော့ ရွေးကာဥပဒေလို့ လူသိများပါတယ်။

ဒီကနေ့မှာ စတင်မဲ့ ပထမပိုင်း မဲပေးပွဲမတိုင်မီ သီတင်းပတ်တွေမှာ ဒီဥပဒေကို လက်နက်သဖွယ် အသုံးချပြီး လူမှုကွန်ရက်ပေါ်က ဝေဖန်မှုတွေ၊ သဘောထားမှတ်ချက်တွေနဲ့ Message တွေကိုပါ ပစ်မှတ်ထားပြီး ဖိနှိပ်မှုတွေ တိုးမြှင့်လုပ်ဆောင်လာနေသလို စစ်ကောင်စီထိန်းချုပ် မီဒီယာတွေရဲ့ အဆိုအရ ဥပဒေပြဋ္ဌာန်းပြီးချိန်ကစပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို နှောင့်ယှက်ဖို့ ကြိုးပမ်းမှုနဲ့ အနည်းဆုံး လူပေါင်း ၂၂၉ ယောက် တရားစွဲခံထားရတယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံတကာ သတင်းမီဒီယာတွေရဲ့ သတင်းခေါင်းစဉ်တွေ အမျိုးမျိုးနဲ့ ဖော်ပြထားတာကိုတွေ့ရပြီး ဗြိတိန်အစိုးရ ကျောထောက်နောက်ခံပြု BBC သတင်းဌာနကတော့ ‘ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရတဲ့ အတုအယောင် ရွေးကောက်ပွဲမှာ စစ်မီးတောက်နေတဲ့ မြန်မာနိုင်ငံက မဲပေးနေကြ’ လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

တရုတ်အခြေစိုက် South China Morning Post သတင်းမှာတော့ ‘စစ်ကောင်စီက အာဏာသက်တမ်းတိုးဖို့ ကြိုးပမ်းနေချိန် ပြည်တွင်းစစ်အတွင်း မြန်မာ့ရွေးကောက်ပွဲ မဲရုံတွေ ဖွင့်လှစ်’ လို့ ဖော်ပြထားခဲ့တာပါ။

ဂျပန်သတင်းဌာနတခုဖြစ်တဲ့ Nikkei Asia က ‘၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အထွေထွေရွေးကောက်ပွဲမှာ မြန်မာမဲဆန္ဒရှင်တွေ မဲပေးကြ’ လို့ ဖော်ပြထားတာကို တွေ့ရပြီး မလေးရှားသတင်းဌာန BERNAMA မှာတော့ ‘ရွေးကောက်ပွဲအကြိုနေ့ မဲပေးမှုတွေက မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်တွေ ယူဆောင်လာကြောင်း စစ်အစိုးရ (စစ်ကောင်စီ) က ပြောကြား’ လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

ဟောင်ကောင်အခြေစိုက် Hong Kong Free Press သတင်းကလည်း ‘အငြင်းပွားဖွယ် မြန်မာ့ရွေးကောက်ပွဲက တရုတ်နိုင်ငံရဲ့ ယုံကြည်မှုကို ရရှိ’ လို့ ဖော်ပြထားခဲ့ပြီး ဩစတြေးလျ အခြေစိုက် ABC News ကတော့ ‘၅ နှစ်အတွင်း ပထမဆုံး မြန်မာ့ရွေးကောက်ပွဲ စတင်ပေမဲ့ ဒါဟာ အတုအယောင်သာဖြစ်ကြောင်း ကျွမ်းကျင်သူတွေ သတိပေး’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားတာကို တွေ့ရပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အခြေစိုက် The Jakarta Post သတင်းဌာနကတော့ ‘စစ်ကောင်စီအပေါ် ဖိအားတွေ မြင့်တက်လာချိန် ၅ နှစ်အတွင်း ပထမဆုံးသောရွေးကောက်ပွဲကို မြန်မာနိုင်ငံမှာ ကျင်းပ’ လို့ ဖော်ပြထားပြီး The Economic Times သတင်းမှာတော့ ‘တပါတီစနစ် ကျင့်သုံးတဲ့ တရုတ်နိုင်ငံက အိမ်နီးချင်းနိုင်ငံရဲ့ ရွေးကောက်ပွဲတွေကို ဘာကြောင့် ထောက်ခံနေသလဲ’ လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

ထိုင်းသတင်းစာတစောင်ဖြစ်တဲ့ The Nation Thailand သတင်းမှာတော့ ‘ပြည်တွင်းစစ်ကြား ရွေးကောက်ပွဲ စတင်၊ စစ်တပ်နှင့် ဆက်နွှယ်တဲ့ ပါတီ အနိုင်ရဖို့ ရေပန်းစားနေ’ လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013