
အမေရိကန်ပြည်ထောင်စု၊ အာကင်ဆောပြည်နယ်က ကံထူးရှင်တယောက်ဟာ ဒီဇင်ဘာ ၂၄ ရက်နေ့၊ ခရစ္စမတ်အကြိုညမှာ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံကျော် တန်ကြေးရှိတဲ့ Powerball ထီဆုကြီးကို ဆွတ်ခူးသွားခဲ့ပါတယ်။
ဒီပမာဏဟာ အမေရိကန်ထီသမိုင်းမှာ ဒုတိယမြောက် အကြီးမားဆုံးဆုကြေး ဖြစ်တယ်လို့ Multi-State Lottery Association က ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂၄ ရက်က ဖွင့်လှစ်ခဲ့တဲ့ ဒီထီဆုကြီးရဲ့ ကံထူးဂဏန်းတွေကတော့ ၄၊ ၂၅၊ ၃၁၊ ၅၂၊ ၅၉ နဲ့ Powerball ဂဏန်း ၁၉ တို့ ဖြစ်ကြပါတယ်။
ကံထူးရှင်အနေနဲ့ ဆုကြေးငွေကို နှစ်စဉ်ခွဲယူနိုင်သလို တလုံးတည်း ထုတ်ယူမယ်ဆိုရင်တော့ ဒေါ်လာ ၈၃၄ ဒသမ ၉ သန်း ရရှိမှာဖြစ်ပါတယ်။
အာကင်ဆောပြည်နယ်မှာ Powerball ဂျက်ပေါ့ဆုကြီးပေါက်တာ ဒါဟာ ဒုတိယအကြိမ်ဖြစ်ပြီး ကံထူးရှင် ဘယ်သူလဲ ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။
ဒီထီဆုကြီးကို ဆွတ်ခူးနိုင်ခြေဟာ ၂၉၂ သန်းမှာ တယောက်သာ ရှိတာဖြစ်ပြီး ကံထူးရှင် အများစုကတော့ ဆုကြေးကို တလုံးတည်း ထုတ်ယူလေ့ ရှိကြပါတယ်။
ရရှိလာတဲ့ ဆုကြေးငွေအပေါ်မှာတော့ ဖက်ဒရယ်အခွန် ၂၄ ရာခိုင်နှုန်းကနေ ၃၇ ရာခိုင်နှုန်းအထိ ပေးဆောင်ရဖို့ ရှိနေပါတယ်။
သမိုင်းတလျှောက် အကြီးမားဆုံးထီဆုကြီးကတော့ ၂၀၂၂ ခုနှစ်တုန်းက ကယ်လီဖိုးနီးယားပြည်နယ်မှာ ပေါက်ခဲ့တဲ့ ဒေါ်လာ ၂ ဘီလီယံကျော် ဆုကြီးပဲ ဖြစ်ပါတယ်။










