DVB Logo
Home
နိုင်ငံတကာ
ဟွန်ဒူးရပ်စ် ရွေးကောက်ပွဲတွင် ထရမ့်ပ် ထောက်ခံသည့် ကိုယ်စားလှယ် အနိုင်ရ
DVB
·
December 25, 2025
ဟွန်ဒူးရပ်စ် ရွေးကောက်ပွဲတွင် ထရမ့်ပ် ထောက်ခံသည့် ကိုယ်စားလှယ် အနိုင်ရ
Donate to DVB

ဟွန်ဒူးရပ်စ်နိုင်ငံမှာ အလွန်နည်းပါးတဲ့ မဲကွာဟချက်နဲ့အတူ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတဲ့ သမ္မတရွေးကောက်ပွဲမှာ နာဆရီ အက်စ်ဖူရာက အနိုင်ရရှိကြောင်း ကြေညာလိုက်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ပ်ရဲ့ ထောက်ခံမှုရထားတဲ့ နေရှင်နယ်ပါတီ ကိုယ်စားပြု ကွန်ဆာဗေးတစ်ဝါဒီ အက်စ်ဖူရာဟာ ဆန္ဒမဲ ၄၀ ဒသမ ၃ ရာခိုင်နှုန်းနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။

တဖက်ပြိုင်ဘက် လစ်ဘရယ်ပါတီရဲ့ ဗဟိုလက်ယာယိမ်း ကိုယ်စားလှယ်လောင်း ဆဲလ်ဗာဒေါ နက်စ်ရယ်လာ ကလည်း ဆန္ဒမဲ ၃၉ ဒသမ ၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်နိုင်ခဲ့တာ တွေ့ရပါတယ်။

ဒါကြောင့် အမျိုးသားရွေးကောက်ပွဲကောင်စီ (CNE) ရဲ့ ထုတ်ပြန်ချက်အရ မဲကွာဟချက် တစ်ရာခိုင်နှုန်းတောင် မပြည့်ဘဲ အက်စ်ဖူရာက နက်စ်ရယ်လာကို ကပ်ပြီး အနိုင်ရသွားတာပါ။

အဲဒီနောက် “ကျနော် ဟွန်ဒူးရပ်စ်ကို အုပ်ချုပ်ဖို့ အသင့်ဖြစ်ပါပြီ၊ ခင်ဗျားတို့ စိတ်မပျက်စေရပါဘူး” လို့ အက်စ်ဖူရာက X လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။

တဖက်မှာ ရှုံးနိမ့်ခဲ့ရသူ နက်စ်ရယ်လာ ကတော့ “ထိမ်ချန်မှုတွေအရ ထွက်ပေါ်လာတဲ့ရလဒ်ကို လက်ခံမှာမဟုတ်ဘူး” လို့ ဆိုတဲ့အပြင် ထောက်ခံသူတွေအနေနဲ့ တည်တည်ငြိမ်ငြိမ် ရှိပေးဖို့အတွက်ပါ တိုက်တွန်းသွားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအို ကလည်း “ဟွန်ဒူးရပ်စ် အာဏာပိုင်တွေအနေနဲ့ အာဏာလွှဲပြောင်းပေးရာမှာ ငြိမ်းချမ်းစွာ ဆောင်ရွက်နိုင်ဖို့အတွက်” ရွေးကောက်ပွဲရလဒ်ကို လေးစားမှုရှိကြပါဆိုပြီး တောင်းဆိုလိုက်ပါတယ်။

အဲဒီရွေးကောက်ပွဲကို နိုဝင်ဘာ ၃၀ ရက်က ကျင်းပခဲ့ပေမဲ့လည်း နည်းပညာဆိုင်ရာ ပြဿနာတွေနဲ့ မဲမသမာမှု စွပ်စွဲချက်တွေကြောင့် သီတင်းပတ်နဲ့ချီအောင် အချိန်ကြန့်ကြာခဲ့ပြီးမှ အခုလိုမျိုး အတည်ပြုနိုင်ခဲ့တာပါ။

အခုလိုမျိုး မဲရလဒ်ကြေညာနိုင်ဖို့ နှောင့်နှေးခဲ့တဲ့အလျောက် ဟွန်ဒူးရပ်စ်နိုင်ငံတဝန်း မတည်မငြိမ် ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့အပတ်အတွင်း ဆန္ဒပြပွဲတွေပါ ပေါ်ပေါက်လာပါတယ်။

လက်ရှိအာဏာရ လီဘရေ-ပါတီ ထောက်ခံသူ ထောင်ပေါင်းများစွာဟာ တေဂူစီဂါလ်ပါ မြို့တော်မှာ စုဝေးရင်း မဲလိမ်မဲခိုးမှု ရှိတယ်ဆိုပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ထရမ့်ပ်က အက်စ်ဖူရာကို သမ္မတနေရာအတွက် ထောက်ခံကြောင်း ပြောဆိုစဉ်မှာလည်း သူလိုလားတဲ့ ကိုယ်စားလှယ်သာ ရှုံးနိမ့်သွားခဲ့ရင် အမေရိကန်ပေးအပ်နေတဲ့ ဘဏ္ဍာရေး အထောက်အပံ့တွေ ရပ်ဆိုင်းပစ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013