DVB Logo
Home
မြန်မာသတင်း
ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတွင် တရုတ်ယွမ်ငွေနှင့်ပေးချေမှု ပိုမိုချောမွေ့ရေး ဗဟိုဘဏ်နှင့် တရုတ်သံအမတ် ဆွေးနွေး
DVB
·
December 25, 2025
ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတွင် တရုတ်ယွမ်ငွေနှင့်ပေးချေမှု ပိုမိုချောမွေ့ရေး ဗဟိုဘဏ်နှင့် တရုတ်သံအမတ် ဆွေးနွေး
Donate to DVB

ရွှေဈေးတွေ၊ ဒေါ်လာဈေးတွေ မငြိမ်မသက် ဖြစ်နေတဲ့အချိန်မှာပဲ တရုတ်ယွမ်ငွေကို အသုံးပြုပြီး ကုန်သွယ်မှုနဲ့ ငွေပေးချေမှုတွေ ပိုမိုတွင်ကျယ်လာဖို့ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ဥက္ကဋ္ဌနဲ့  တရုတ်သံအမတ်တို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၃ ရက်က နေပြည်တော်၊ ဗဟိုဘဏ်ရုံးချုပ်မှာ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စစ်မာကျားတို့ တွေ့ဆုံရာမှာ အဲဒီလို ဆွေးနွေးခဲ့တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်နဲ့ စစ်ကောင်စီလက်အောက်ခံ သတင်းစာတွေမှာ ဖော်ပြချက်တွေအရ သိရပါတယ်။

လက်ရှိ နှစ်နိုင်ငံအကြား ကုန်သွယ်မှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်တဲ့အခါမှာ ငွေပေးချေမှုတွေ ပိုပြီး ချောမွေ့အဆင်ပြေစေဖို့ တရုတ်ယွမ်ငွေကို ဘယ်လို တိုးမြှင့်သုံးစွဲမလဲ ဆိုတာကို အလေးထား ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂ နိုင်ငံကြားက ငွေရေးကြေးရေးနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း လက်ရှိထက်ပိုပြီး တိုးမြှင့်အကောင်အထည်ဖော်သွားဖို့ သဘောတူခဲ့ကြပါတယ်။

လက်ရှိ မြန်မာ့စီးပွားရေးမှာ နိုင်ငံခြားငွေ လိုအပ်ချက်တွေ မြင့်မားနေတာကြောင့် ဗဟိုဘဏ်အနေနဲ့ နယ်စပ်ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ ဒေါ်လာ အစားထိုးဖို့ ယွမ်၊ ရူပီး၊ ဘတ်ငွေတို့ကို အသုံးပြုလာနေတာ ဖြစ်ပါတယ်။

အခုနှစ် စက်တင်ဘာက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံကို သွားရောက်ခဲ့စဉ်တုန်းက ၂ နိုင်ငံ ကုန်သွယ်မှုမှာ ယွမ်ငွေနဲ့ ပေးချေတာကို အပြည့်အဝ ပံ့ပိုးပေးမဲ့ အကြောင်းနဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံမှာ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးမယ်လို့  ကတိပေး ပြောကြားခဲ့ပါတယ်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမှာ ယွမ်/ကျပ် တိုက်ရိုက်ပေးချေမှုကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ကတည်းက စတင်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ 

ယွမ်ငွေ ခွင့်ပြုပြီး သိပ်မကြာခင် ၂၀၂၂ ခုနှစ်၊ မတ်လမှာပဲ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် ဘတ်/ကျပ် တိုက်ရိုက်ပေးချေမှုကို ထပ်မံခွင့်ပြုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံနဲ့ ကုန်သွယ်မှုတွေအတွက် ရူပီး/ကျပ် တိုက်ရိုက်ပေးချေမှု ယန္တရားကိုတော့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီမှာ တရားဝင် စတင်လည်ပတ် အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013