
အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့မှာ ဓာတ်အားခွဲရုံ မီးလောင်ကျွမ်းပြီး မီးပျက်သွားချိန် Waymo ကုမ္ပဏီရဲ့ မောင်းသူမဲ့တက္ကစီတွေ လမ်းမပေါ်မှာ ရပ်တန့်သွားခဲ့ပါတယ်။
ဒီဇင်ဘာ ၂၀ ရက်က ဖြစ်ပွားခဲ့တဲ့ ဒီ မီးပြတ်တောက်မှုကြောင့် လူဦးရေတသိန်းကျော် လျှပ်စစ်မီးပြတ်တောက်ခဲ့ရတယ်လို့ PG&E ကုမ္ပဏီက ပြောပါတယ်။
Waymo ကားတွေ လမ်းလယ်ခေါင်မှာ အချက်ပြမီးတွေဖွင့်ပြီး ရပ်တန့်နေတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ လူမှုကွန်ရက် ဗီဒီယိုတွေမှာ တွေ့ရပါတယ်။
မီးပွိုင့်တွေ ပျက်နေတဲ့အတွက် ယာဉ်ကြောရှင်းလင်းဖို့ ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကို စေလွှတ်ခဲ့ရပါတယ်။
Waymo ဘက်ကတော့ သူတို့ရဲ့စနစ်ဟာ “မီးပွိုင့်ပျက်နေရင် လမ်းလေးခွဆုံ ရပ်တန့်မှုလို့ သဘောထားပြီးတော့ ကားအသွားအလာကို ကြည့်ပြီး မောင်းနှင်နိုင်အောင် ဒီဇိုင်းဆွဲထားတာ” လို့ ဆိုပါတယ်။
ဒါပေမဲ့ သက်ရောက်မှုရှိတဲ့ လမ်းဆုံတွေရဲ့ အခြေအနေကို အတည်ပြုဖို့နဲ့ ဘေးကင်းဖို့ Waymo ကားတွေဟာ ပုံမှန်ထက် အချိန်ကြာကြာ ရပ်တန့်ခဲ့တာလို့ ရှင်းလင်းထားပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကယ်လီဖိုးနီးယားပြည်နယ် ပြည်သူ့အသုံးချလုပ်ငန်းကော်မရှင် (CPUC) က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
Waymo ကုမ္ပဏီဟာ ဝန်ဆောင်မှုတွေကို ခေတ္တရပ်ဆိုင်းခဲ့ပေမဲ့ ဒီဇင်ဘာ ၂၁ ရက်မှာတော့ လုပ်ငန်းတွေ ပြန်လည်စတင်နေပြီ ဖြစ်ပါတယ်။
Google မိခင်ကုမ္ပဏီ Alphabet က ပိုင်တဲ့ Waymo ဟာ ၂၀၂၅ ခုနှစ်အတွင်း ခရီးစဉ်ပေါင်း ၁၄ သန်းကျော် ပြေးဆွဲပေးခဲ့တယ်လို့ ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။
Source: Reuters











