DVB Logo
Home
နိုင်ငံတကာ
ဂရင်းလန်းကျွန်းဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ခန့်အပ်
DVB
·
December 22, 2025
ဂရင်းလန်းကျွန်းဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ခန့်အပ်
Donate to DVB

အမေရိကန်က လက်လွှဲသိမ်းပိုက်ဖို့ လိုအပ်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားထားတဲ့ ဂရင်းလန်းကျွန်းဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်အဖြစ် လူဝီစီးယားနားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျက်ဖ်လန်ဒရီကို ခန့်အပ်လိုက်ပါတယ်။

ဒိန်းမတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်တဲ့ ဂရင်းလန်းကျွန်းဟာ သယံဇာတကြွယ်ဝပြီး မဟာဗျူဟာ အချက်အချာကျတဲ့ အာတိတ်ဒေသကျွန်းကြီး ဖြစ်ပါတယ်။

သမ္မတဒေါ်နယ်ထရမ့်ပ်က “ကျုပ်တို့ အမျိုးသားလုံခြုံရေးအတွက် ဂရင်းလန်းဟာ ဘယ်လောက်အရေးကြီးသလဲဆိုတာ ဂျက်ဖ်က နားလည်ထားပါတယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ထရမ့်ပ်ဟာ ဂရင်းလန်းကျွန်းကို အမေရိကန် ပိုင်ဆိုင်သင့်ကြောင်း ထပ်တလဲလဲ ပြောခဲ့သလို စစ်အင်အားသုံး သိမ်းယူဖို့ကိုလည်း မပယ်ချထားပါဘူး။

ဩဂုတ်လထဲမှာ ထရမ့်ပ်နဲ့ပတ်သက်သူ အနည်းဆုံး ၃ ယောက်က ဂရင်းလန်းမှာ ဩဇာလွှမ်းမိုးရေး အော်ပရေးရှင်းတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာအပြီးမှာ ဒိန်းမတ်အစိုးရ တာဝန်ရှိသူတွေက အမေရိကန်သံအမတ်ကြီးကို ခေါ်ယူသတိပေးခဲ့ပါတယ်။

ဒီနှစ်အစောပိုင်းမှာလည်း ဒုသမ္မတ ဂျေဒီဗန့်စ်ဟာ ကျွန်းပေါ်က အမေရိကန်စစ်စခန်းကို သွားရောက်ကြည့်ရှုခဲ့ပြီး ဒိန်းမတ်က ဒီကျွန်းမှာ ရင်းနှီးမြှုပ်နှံသင့်သလောက် မလုပ်ဆောင်ဘူးလို့ စွပ်စွဲခဲ့ပါတယ်။

အထူးကိုယ်စားလှယ် ခန့်အပ်ခံရတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး လန်ဒရီ ကတော့ အခုတာဝန်ဟာ စေတနာ့ဝန်ထမ်းအလုပ်ဖြစ်ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူး လုပ်ငန်းတွေကိုလည်း ထိခိုက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

လန်ဒရီက “ဂရင်းလန်းကို အမေရိကန်ရဲ့ အစိတ်အပိုင်းဖြစ်အောင် လုပ်ဖို့ စေတနာ့ဝန်ထမ်း တာဝန်ယူရတာ ဂုဏ်ယူစရာပါ” လို့ X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

NATO အဖွဲ့ဝင်လည်းဖြစ် အမေရိကန်မဟာမိတ်လည်းဖြစ်တဲ့ ဒိန်းမတ်နိုင်ငံကတော့ ဂရင်းလန်းကျွန်းဟာ ရောင်းဖို့မဟုတ်ဘူးလို့ ငြင်းထားပါတယ်။

ဒိန်းမတ် ထောက်လှမ်းရေးအဖွဲ့ကလည်း အမေရိကန်ဟာ မိတ်ဆွေရော ရန်သူကိုပါ စစ်ရေးအရ ခြိမ်းခြောက်ပြီး စီးပွားရေးအင်အားသုံး ဖိအားပေးနေတယ်လို့ ဒီလအစောပိုင်း အစီရင်ခံစာမှာ သတိပေးထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ဂရင်းလန်းကျွန်းဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ခန့်အပ်